လဟယ် ဒီဇင်ဘာ ၆
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့တွင် မြို့နယ်အဆင့် ကိုဗစ်-၁၉ရောဂါ တားဆီး ကာကွယ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီလုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်တွင် မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပသည်။
အဆိုပါ အစည်းအဝေးတွင် မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ ဦးမျိုးညီညီက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး လဟယ်မြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာ ဟန်ဝင်အောင်မှ လက်ရှိလဟယ်ပြည်သူ့ဆေးရုံတွင် ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေး ပစ္စည်းများ စုဆောင်းထားရှိမှုနှင့် ကြိုတင်ပြင်ဆင်မှု၊ လိုအပ်မှု အခြေအနေကို ဆွေးနွေးသည်။
ထို့နောက် တက်ရောက်လာကြသော ကိုဗစ်-၁၉ ကော်မတီအဖွဲ့ဝင်များက ဆွေးနွေးရာတွင် လဟယ်မြို့ ဝင်/ထွက်ဂိတ် အမှတ်(၁)နှင့် အမှတ်(၂)ဂိတ်တွင် ခရီးသွားပြည်သူများကို ကျန်းမာရေး စစ်ဆေးခြင်း၊ ခရီးသွားရာဇဝင်စစ်ဆေးခြင်းအား အထူးတင်းကြပ် ဆောင်ရွက်သွားရန်နှင့် နန့်စလိန် တံတားတွင် ဂိတ်အသစ် ထပ်မံဖွင့်လှစ်ပြီး ဌာနဆိုင်ရာ ဝန်ထမ်းများ အလှည့်ကျ တာဝန်ယူကြပ်မတ် ဆောင်ရွက်ရန်၊ ရောဂါပိုးတွေ့မြို့နယ်မှ လဟယ်မြို့သို့ လာရောက်ပါက အသွားအလာ (၁)ပတ် ကန့်သတ်စောင့်ကြည့်ရန်နှင့် ဈေးဆိုင်၊ လက်ဘက်ရည်ဆိုင်၊ စားသောက်ဆိုင်များအား ကျန်းမာရေး ဝန်ကြီးဌာန၏ စည်းကမ်းချက်နှင့် ကိုက်ညီမှုရှိ/မရှိ ကြပ်မတ်ဆောင်ရွက်ရန် ဆွေးနွေးဆုံးဖြတ် ခဲ့ကြောင်း သိရသည်။
ရှားဆက် (ပြန်/ဆက်)