လှိုင်မြို့နယ် လူထုအခြေပြုဗဟိုဌာနခန်းမ၌ စာဖတ်ဝိုင်းကျင်းပ

လှိုင် ဖေဖော်ဝါရီ ၁၉

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ လှိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနခန်းမ၌ စာပေချစ်မြတ်နိုးသူများအဖွဲ့ (Book Club) နှင့်ပူးပေါင်း၍ ယနေ့နံနက် (၁၀) နာရီအချိန်က စာဖတ်ဝိုင်းကျင်းပခဲ့သည်။

အဆိုပါစာဖတ်ဝိုင်းတွင် မြို့နယ်စာပေချစ်မြတ်နိုးသူများအဖွဲ့ (Book Club) နာယက ဦးမင်းဆက်ပိုင်က အဖွင့်အမှာစကားပြောကြားပြီး လှိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဦးညိုထွန်းက စာဖတ်ဝိုင်းပြုလုပ်ရသည့် ရည်ရွက်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက်စာရေးဆရာမ ဒေါ်ခင်လှမူရေးသားသည့် "ခေတ်ဦး" ဂျာနယ်မှ "မပီကလာ တီတာတာ" ကဗျာခေါင်းစဉ်ဖြင့် ဦးဆောင်ဆွေးနွေးရာ စာဖတ်ဝိုင်းတက်ရောက်လာကြသည့် စာပေချစ်မြတ်နိုးသူများနှင့် စာပေဝါသနာရှင်များက ဗဟုသုတရစေမည့် ဂျာနယ်ပါအကြောင်းအရာများကို အသီးသီးဆွေးနွေးကြကြောင်း သိရသည်။

လှိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ကျောင်းသား၊ ကျောင်းသူ (လူငယ်) များနှင့် ပြည်သူလူထုများ စာအုပ်စာပေချစ်မြတ်နိုးခြင်း၊ စာပေဖတ်ရှုလေ့လာခြင်း စသည့်အလေ့ကျင့်ကောင်းများဖြစ်ပေါ်လာစေရန်၊ အသိပညာဗဟုသုတ တိုးပွားလာစေရန်ရည်ရွယ်ကာ ဌာနဆိုင်ရာများ၊ စာပေဝါသနာရှင်များနှင့်ပူးပေါင်းပြီး လူငယ်စကားဝိုင်း၊ စာပေစကားဝိုင်း၊ စာဖတ်ဝိုင်း၊ ဆွေးနွေးပွဲနှင့် ဟောပြောပွဲများကျင်းပပေးခြင်း၊ စာအုပ်စာစောင်များ ကွင်းဆင်းငှားရမ်းပေးခြင်း၊ ဉာဏပြိုင်ပွဲကျင်းပပေးခြင်းများ ပြုလုပ်ဆောင်ရွက်လေ့ရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)