မင်းဘူး ဒီဇင်ဘာ ၆
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်အတွင်း၌ ကိုဗစ်စီးပွားရေးကုစားမှု အစီအစဉ် CERP ဖြင့် မိုးစပါး မျိုးစေ့ထုတ်စိုက်ခင်း ဧက (၇၀၀) စိုက်ပျိုးထားရှိပြီး အဆိုပါ စိုက်ခင်းများကို ဒီဇင်ဘာ နောက်ဆုံးအပတ် (ယခုလ နောက်ဆုံးအပတ်)တွင် အပြီးရိတ်သိမ်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးသိန်းနိုင်ဝင်းထံမှ သိရသည်။
မျိုးစေ့ထုတ်စိုက်ခင်းများ ဆောင်ရွက်ခြင်းအားဖြင့် ဒေသခံတောင်သူများ ရေမြေဒေသနှင့် ကိုက်ညီသော မျိုးကောင်းမျိုးသန့်များကို ဒေသအတွင်း အလွယ်တကူဝယ်ယူရရှိပြီး အချိန်မီ စိုက်ပျိုးနိုင်ရန်၊ မျိုးသန့်စပါးများကို ဈေးနှုန်းသက်သာစွာ ဝယ်ယူရရှိစေရန်၊ တောင်သူများ ကိုယ်တိုင် စပါးမျိုးစေ့ထုတ်ခြင်းလုပ်ငန်း တိုးတက်လုပ်ကိုင်နိုင်စေရန်၊ မျိုးစေ့ထုတ် အသင်းအဖွဲ့များ ပေါ်ပေါက် လာစေရန်နှင့် ဈေးကွက်တွင် ယှဉ်ပြိုင်နိုင်စွမ်းရှိသော သီးနှံများ စိုက်ပျိုးထုတ်လုပ်ပြီး တောင်သူများ စီးပွားရေးဖွံ့ဖြိုးတိုး တက်လာစေရန် ရည်ရွယ် ဆောင်ရွက်ခြင်း ဖြစ်ကြောင်း သိရသည်။
“မင်းဘူး(စကု)မြို့နယ်အတွင်း ယခုနှစ် မိုးစပါးစိုက်ပျိုးရာသီမှာ ကိုဗစ်စီးပွာရေးကုစားမှု အစီအစဉ် CERP အနေနဲ့ ကျေးရွာပေါင်း (၂၅)ရွာမှ တောင်သူပေါင်း (၁၃၈)ဦးနဲ့ ဧက ၇၀၀ ဆောင်ရွက်ခဲ့ပါတယ်။ ယနေ့အထိ ပခန်းရွှေဝါ၊ ဧရာမင်း၊ မနောသုခနဲ့ ဆင်းသုခ မျိုးစပါး ဧကပေါင်း (၅၆) ဧက ရိတ်သိမ်းပြီးဖြစ်ပါတယ်။ ရိတ်သိမ်းသန့်စင်ပြီး မျိုးစပါး (၂၂၅၅)တင်းကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မျိုးစေ့သိုလ်လှောင်ရုံမှာ စနစ်တကျ သိမ်းဆည်း ထားရှိပြီး ဖြစ်ပါတယ်” ဟု မြို့နယ်စိုက်ပျိုးရေး ဦးစီးမှူး ဦးသိန်းနိုင်ဝင်းက ပြောသည်။
အဆိုပါ မိုးစပါးမျိုးစေ့ထုတ်စိုက်ခင်းများ ရိတ်သိမ်းဆောင်ရွက်ရာတွင် မြို့နယ်စိုက်ပျိုးရေးကွင်း ဝန်ထမ်းများက အနီးကပ်ကြီးကြပ်၍ ယခုလနောက်ဆုံးအပတ်တွင် အားလုံးအပြီးရိတ်သိမ်း ဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ ထွက်ရှိလာသော မျိုးစပါးများထဲမှ သန့်စင်ပြီး မျိုးစပါး တင်းပေါင်း (၆၀၀၀)ခန့်ကို လာမည့်နှစ်အတွက် စနစ်တကျ သိမ်းဆည်းသိုလ်လှောင် ထားရှိသွား မည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
မောင်မောင် (မင်းဘူး)