ပခုက္ကူ ဒီဇင်ဘာ ၆
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်၊ သစ်ကြီးတောကျေးရွာတွင် နွေရာသီ ကာလသောက်သုံး ရေရှားပါးမှု မရှိစေရေးနှင့်သန့်ရှင်းသော သောက်သုံးရေဖူလုံစွာ ရရှိသုံးစွဲ နိုင်စေရေးတို့အတွက် တစ်နာရီလျှင် ရေဂါလံ၁၅၀၀ခန့် ထွက်ရှိ သည့် စက်ရေတွင်း တစ်တွင်း တူးဖော်ပေးနိုင်ခဲ့ကြောင်း သိရသည်။
စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ မူလခွင့်ပြုရန်ပုံငွေ ကျပ် ၁၄သန်းဖြင့် ၂၀၂၀-၂၀၂၁ခု ဘဏ္ဍာရေးနှစ်တွင် ပေါက်မြို့နယ်၊ ချိုင့်ဇောက်ကျေးရွာအုပ်စု၊ သစ်ကြီးတောကျေးရွာ၌ အချင်းလေးလက်မ၊ အနက်ပေ ၇၄၀ ရှိသည့် ဦးစီးဌာန၏ JICA အဖွဲ့မှ စက်အမှတ်(DRD-001)ရေတွင်း တူးဖော် စက်ဖြင့် တစ်နာရီလျှင် ရေဂါလံ ၁၅၀၀ခန့်ထွက်ရှိသည့်အထိ အကောင်အထည်ဖော် တူးဖော် ဆောင်ရွက်ပေးလျက်ရှိသည်။
အဆိုပါစက် ရေတွင်းတူးဖော်ဆောင်ရွက်နေမှုအခြေအနေအား ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူး ဦးတင့်ဝေ၊ ဦးစီးအရာရှိ ဦးသိန်းညွှန့်ဟန် (နည်းပညာ)၊ ပေါက်မြို့နယ်ဦးစီးမှူး ဒေါ်အေးအေးသန့်နှင့် ဝန်ထမ်းများက ဒီဇင်ဘာလ ၅ ရက် နေ့လယ်ပိုင်းက ကွင်းဆင်းစစ်ဆေးကြပြီး လုပ်ငန်းစံချိန်စံညွှန်း အရည်အသွေးများနှင့် ကိုက်ညီစွာ ဆက်လက်အကောင်အထည် ဖော် ဆောင်ရွက်နိုင်ရေး နည်းပညာဆိုင်ရာ လိုအပ်သည်များကို ပေါင်းစပ်ဆောင်ရွက်ပေးကြကြောင်းသိရသည်။
သစ်ကြီးတောကျေးရွာရှိပြည်သူများသည် သောက်သုံးရေအတွက် ယခင် မြေသား မိုးလှောင်ရေကန်မှ ရေများကိုသာ နှစ်စဉ်အားထားသုံးစွဲခဲ့ကြပြီး ယခုစက်ရေတွင်း တူးဖော်မှု ရာနှုန်းပြည့်ပြီးစီးပါက ကျေးရွာရှိ အိမ်ခြေ (၇၆)အိမ်၊လူဦးရေ (၃၇၅)ဦး တို့အတွက် နွေရာသီကာလ ရေရှားမှုမရှိဘဲ သန့်ရှင်းသောသောက်သုံးရေဖူလုံစွာ ရရှိသုံးစွဲနိုင်ကြ မည်ဖြစ်သော ကြောင့် ကျေးလက် နေပြည်သူများ ကျေနပ်ပျော်ရွှင်ကြကြောင်း သိရသည်။
ဆလိုင်းကိုကီး