ဝန်းသို ဒီဇင်ဘာ ၆
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ် ကျောက်ပါးစပ်ကျေးရွာတွင် ရာသီမရွေး သောက်သုံးရေဖူလုံစွာရရှိစေရေးအတွက် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ တွင်းတူးစက်ကြီးဖြင့် လေးလက်မစက်ရေတွင်းတူးဖော်ခြင်းလုပ်ငန်းကို ယမန်နေ့မှ စတင်ဆောင်ရွက်လျှက်ရှိကြောင်း သိရ သည်။
ယင်းကျေးရွာတွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၁၇-၂၀၁၈ ခုဘဏ္ဍာရေး နှစ်၊ ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်းဖြင့် စိမ့်စမ်းရေသွယ်လုပ်ငန်းကိုဆောင်ရွက်ခဲ့ရာ စိမ့်စမ်းရေ အရင်းအမြစ်မှ ရေမရရှိ နိုင်တော့သဖြင့် ယခုတဖန်စက်ရေတွင်းကို တူးဖော်ရခြင်း ဖြစ်ကြောင်း၊ စက်ရေတွင်းတူးဖော်ရာတွင် ကျေးရွာ ဘုန်းတော်ကြီးကျောင်းဆရာတော်မှဦးဆောင်ကာ ကျေးရွာ အလှူရှင်များ စုပေါင်း၍ ကိုယ့်အားကိုယ်ကိုး ဆောင်ရွက်နေခြင်းဖြစ်ကြောင်း ကျေးရွာ တာဝန်ခံ ဦးကျော်မင်းထံမှ သိရသည်။
ကျောက်းပါးစပ်ကျေးရွာတွင် စိမ့်စမ်းရေသွယ်ယူခြင်းလုပ်ငန်းဆောင်ရွက်ခဲ့စဉ်က ဂါလံ(၁၀၀၀၀) ဆံ့ ရေလှောင်ကန်မှာတည်ဆောက် ထားပြီးဖြစ်၍ ယခုစက်ရေတွင်း တူးဖော်ခြင်း လုပ်ငန်းကို အောင်မြင်စွာ ဆောင်ရွက်ပြီးစီးပါက အဆိုပါကျေးရွာရှိ အိမ်ခြေပေါင်း(၃၂၀)ကျော် တို့အတွက် အဆင်ပြေချောမွေ့စွာ သောက်သုံးရေရရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။
ကျော်မြိုင် (ပြန်/ဆက်)