ကိုဗစ်−၁၉ ရောဂါကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ကျေးရွာများတွင် မွေးစမှ အသက်(၂)နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးခြင်းလုပ်ငန်း ဆောင်ရွက်

လှိုင်းဘွဲ   ဒီဇင်ဘာ ၆

ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်တွင် ကလေးငယ်များကျန်းမာသန်စွမ်းစေရန်နှင့် ကူးစက်ရောဂါ တို့မှ ကင်းဝေးစေရန်ရည်ရွယ်၍ ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်ခြင်း လုပ်ငန်းများကို ယနေ့နံနက်ပိုင်းက တောင်စွန်း ကျေးရွာနှင့် ကမော့လဲ(မအဲ)ကျေးရွာ ကျေးလက် ကျန်းမာရေး ဌာနခွဲ၌ ဆောင်ရွက်ခဲ့သည်။

အဆိုပါမွေးစမှ အသက်(၂)နှစ်အောက်ကလေးငယ်များအား မြိုင်ကြီးငူအထူးဒေသ ကျေးလက် ကျန်းမာရေးဌာနမှ အမျိုးသမီးကျန်းမာရေးဆရာမ ဒေါ်နန်းသဇင်က ကြီးကြပ်၍ အသည်းရောင် အသားဝါဘီရောဂါ၊ ပိုလီယို အကြောသေ ရောဂါ၊ ဆုံဆို့နာ၊ ကြက်ညှာ ချောင်းဆိုး ရောဂါနှင့် ဝက်သက်ရောဂါတို့မှ ကာကွယ်ရန်အတွက် အသက် အပိုင်းအခြားအလိုက် ကာကွယ်ဆေး များထိုးပေးခြင်း၊ တိုက်ပေးခြင်း၊ ကိုယ်အလေးချိန်ချိန်ပေးခြင်း၊ ကျန်းမာရေး စောင့်ရှောက်မှုများ ဆောင်ရွက်ပေးခြင်းနှင့် ကျန်းမာရေးအသိပညာပေးခြင်း လုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။

ခင်စန်းမြင့်(ပြန်/ဆက်)