ကျောက်တန်းမြို့ မြို့မဈေး သား ၊ငါး အရောင်းဆိုင်များတွင် ကိုဗစ်-၁၉ ရောဂါကြိုတင် ကာကွယ်ရေးအတွက်  သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ဖွင့်လှစ်ရောင်းချရေး ကွင်းဆင်း စစ်ဆေးမှုများ ဆက်လက်ဆောင်ရွက်

ကျောက်တန်း  ဒီဇင်ဘာ ၆

ကိုဗစ်-၁၉ ရောဂါပျံ့ပွားမှုအား ကာကွယ် ထိန်းချုပ် တားဆီးနိုင်ရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ကြေညာထားသည့် ညွှန်ကြားချက်များနှင့်အညီ ဖွင့်လှစ်ရောင်းချနိုင်ရေးနှင့် Maskစနစ်တကျ တပ်ဆင်ရောင်းချစေရေး အသိပညာပေးခြင်း များကို ရန်ကုန်တောင်ပိုင်းခရိုင်၊ ကျောက်တန်းမြို့ နယ်ရှိ ဈေးရှိ အရောင်းဆိုင်များနှင့် လူစည်ကားရာ နေရာများတွင် ယနေ့နံနက် ၈ နာရီက  တာဝန်ရှိသူများမှ ဆောင်ရွက် လျက်ရှိ ကြောင်း သိရသည်။

ထိုသို့စစ်ဆေးရာတွင် ကျောက်တန်းမြို့ စည်ပင်သာယာမြို့မဈေးအတွင်းရှိ ဈေးရောင်း/ဈေးဝယ် သူများ၊ ကားဂိတ်များရှိ ခရီးသွားပြည်သူများအား Mask တပ်ဆင်ရေး အသိပညာပေးခြင်းနှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ချက်များအား အလေးထား လိုက်နာစေရေးနှင့် မလိုအပ်ဘဲနယ်မြေကျော်လွန် သွားလာမှုမရှိစေရေးအတွက် မြို့အဝင်/ အထွက် အဓိက နေရာများတွင်လည်း စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဆောင်ရွက်မှုတွင် ကျောက်တန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ် အုပ်ချုပ်ရေး ဦးသန်းဌေးက ဦးဆောင်၍ နှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနဝန်ထမ်းများ၊မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ အဖွဲ့ဝင်များ၊ မြို့နယ် ရဲတပ်ဖွဲ့ဝင်များ၊ ယာဉ်ထိန်းရဲတပ်ဖွဲ့ ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ ပူးပေါင်း ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ခင်ဆွေဝင်း  (ကျောက်တန်း)