ဆိပ်ကြီးခနောင်တိုမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ခြင်း ဆိုင်ရာ (Mask and Face Shield Campaign) ဆက်လက် ပြုလုပ်

ဆိပ်ကြီးခနောင်တို ဒီဇင်ဘာ ၆

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်း ချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မပြတ် ဆက်လက် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းမှ စ၍ မြို့နယ် ဌာနဆိုင်ရာများ ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ခြင်းဆိုင်ရာ ကျန်းမာရေးအသိပညာ မြှင့်တင်ရေးနှင့် ပြုမူပြောင်းလဲရေး ဆက်သွယ် ပညာပေး လူထုလှုပ်ရှားမှု စီမံချက် (Mask and Face Shield Campaign) ကို မြို့နယ်အတွင်း လူစည်ကားရာနေရာများတွင် ပြုလုပ်ခဲ့သည်။

ထိုသို့ ဆောင်ရွက်ရာတွင် ဆိပ်ကြီးခနောင်တိုမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများ ၊မြို့နယ် စည်ပင် သာယာရေး အဖွဲ့များ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ ကြက်ခြေနီ တပ်ဖွဲ့ဝင်များက မြို့နယ် အတွင်းရှိ မြို့မဈေး၊ ဆိပ်ကြီးအရှေ့ရပ်ကွက်ရှိ ရွှေရန်ကုန် စက်တပ်သမ္ဗန်ဆိပ်အနီး၊ ဗဟိုလမ်းမပေါ်နှင့် အခြားလူစည်ကားရာနေရာများတွင် အကြောင်း အမျိုးမျိုးဖြင့် နေအိမ်ပြင်ပသွားလာသူများကို ပါးစပ်နှင့် နှာခေါင်းစည်း အကာအကွယ် Mask များနှင့်  မျက်နှာကာ (Face Shield)များ အခမဲ့ဖြန့်ဝေပေး၍ စနစ်တကျတပ်ဆင်ပေးခြင်း၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ခြင်း ဆိုင်ရာ အမူအကျင့် ကောင်းများကို ပြည်သူများ ကျယ်ကျယ် ပြန့်ပြန့်သိရှိလိုက်နာစေရန် လက်ကိုင်အသံချဲ့စက်ဖြင့် အသိပေး လိုက်လံ ကြေညာပေးခြင်း၊ ရောဂါကာကွယ်ခြင်းဆိုင်ရာ ပညာပေး လက်ကမ်း စာစောင်များ ဖြန့်ဝေပေးခြင်းတို့ကို အရှိန်အဟုန်မြှင့် ဆက်လက် ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။

ဝေယံ(ဆိပ်ကြီးခနောင်တို)