ရှမ်းရွာသစ် ဖေဖော်ဝါရီ ၂၂
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့ စိုက်ပျိုးရေးဦးစီးဌာနက ကြက်သွန်စိုက်ပျိုးရေးနှင့် ဟင်းသီးဟင်းရွက်စိုက်ပျိုးနည်းသင်တန်းကို ယနေ့နံနက် (၈)နာရီတွင် ရှမ်းရွာသစ်မြို့ သန္တိသုခဘုန်းတော်ကြီးကျောင်း၌ ကျင်းပပြုလုပ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ရှမ်းရွာသစ်မြို့ စိုက်ပျိုးရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဦးမြင့်မောင်က သင်တန်း ဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်နှင့် ကြက်သွန်စိုက်ပျိုးရေးသိကောင်းစရာများ၊ လှိုင်းဘွဲမြို့နယ် စိုက်ပျိုးရေး ဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးမင်းဇော်ဦးက တစ်နိုင်တစ်ပိုင် ဟင်းသီးဟင်းရွက် သိကောင်းစရာများ၊ ဒုလက်ထောက်ဦးစီးမှူး ဦးဝင်းမင်းလတ်က ကောက်ရိုးမှို စိုက်ပျိုးနည်းသိကောင်းစရာများနှင့် စပ်လျဉ်း၍ အသီးသီးသင်တန်း ပို့ချ ခဲ့ကြသည်။
ထို့နောက် သင်တန်းတက်ရောက်လာသူများအား မျိုးစေ့များကို ဖြန့်ဝေခဲ့ပြီးနောက် စိုက်ပျိုးရေး ဦးစီးဌာနတွင် စိုက်ပျိုးထားသော ဟင်းသီးဟင်းရွက်စိုက်ပျိုးနည်းစနစ်များကို မြို့ဦးစီးမှူး ဦးမြင့်မောင်က လက်တွေ့စိုက်ပျိုးထားရှိမှုအခြေအနေများကို ရှင်းလင်းချပြခဲ့ရာ သင်တန်းသားများက မိမိတို့သိရှိလိုသည် များကို မေးမြန်းဆွေးနွေးခဲ့ကြောင်းသိရသည်။
ဇင်လေး (ပြန်/ဆက်)