စစ်ကိုင်းမြို့နယ် ကျေးရွာ(၄)အုပ်စုအား ဒီဇင်ဘာ(၅)ရက်မှ(၁၈)ရက်ထိ အသွားအလာ ကန့်သတ် ထားရှိ

စစ်ကိုင်း ဒီဇင်ဘာ ၆

စစ်ကိုင်းမြို့နယ်တွင် နိုဝင်ဘာလဆန်းပိုင်းမှစ၍ ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာများ ကူးစက် ပြန့်ပွားမှု ကျယ်ပြန့်လာသဖြင့် ကျေးရွာ(၄)အုပ်စုအား  ယမန်နေ့မှစ၍ ဒီဇင်ဘာ လ(၁၈)ရက်နေ့အထိ အသွားအလာကန့်သတ်ထားရှိခဲ့ကြောင်းကို မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှသိရသည်။

စစ်ကိုင်းမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါပိုးအတည်ပြုလူနာတွေ့ရှိမှု အနေဖြင့် ဒီဇင်ဘာလ (၃)ရက်နေ့(၂၄)နာရီအတွင်း Quarantine ဝင်ရောက်နေသူနှင့် အနံ့ပျောက်သူများ အပါအဝင် သံသယရှိလူနာ(၂၅၀)ကျော်တို့အား စစ်ဆေးရာ(၂၄)ဦးတွေ့ရှိခဲ့ပြီး အလားတူ ဒီဇင်ဘာ(၅) ရက်နေ့မှာ (၂၇၄)ဦးတို့ အားစစ်ဆေးရာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ အတည်ပြုလူနာ(၃၄)ဦး ထပ်မံတွေ့ရှိခဲ့ကြောင်းကို ခုတင်(၂၀၀)ဆံ့ အထွေထွေရောဂါကု ဆေးရုံကြီးမှ သိရသည်။

ရောဂါပြန့်ပွားမှုများရှိခဲ့သည့် တဲကြီး၊ ကြွယ်လူး၊ နောက်ကြည့်ကျွန်းနှင့် မအူပင်ကျေးအုပ်စုများ ရှိ ရွာပေါင်း(၁၇)ရွာတို့အား ရောဂါကူးစက်ပြန့်ပွားမှုများလျှော့နည်းစေရန်အတွက် ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာနမှ ညွှန်ကြားချက်များနှင့် သက်ဆိုင်ရာ ရပ်/ ကျေး ကိုဗစ်-၁၉ ရောဂါ ကြီးကြပ်ရေး ကော်မတီ၏ ခွင့်ပြုချက်မရှိဘဲ သွားလာခြင်းမပြုရန်၊ မဖြစ်မနေ သွားလာရန် လိုအပ်ပါက အများဆုံး လူ(၂)ဦးထက်ပို၍ သွားလာခွင့်မပြုရန်၊ သွားလာရာတွင်လည်း သက်မှတ် ခွင့်ပြုပေးထားသည့် ကတ်ပြားများဖြင့်သာ သွားလာကြရန်၊ ကျေးရွာအတွင်းသို့ ညအိပ် တည်းခိုမည့်သူများသည် ရောဂါပိုးကင်းရှင်း ကြောင်း ကျန်းမာရေးဌာန၏ အသိအမှတ် ပြု ထောက်ခံချက်များနှင့်သာခွင့်ပြုရန်ကို ညွှန်ကြားထားရှိခဲ့ပြီး ဖြစ်ရာ သက်မှတ် ညွှန်ကြားချက်များကို လိုက်နာမှုမရှိပါက တည်ဆဲဥပဒေများအရ အရေးယူဆောင်ရွက် သွားမည် ဖြစ်ကြောင်း မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီမှသိရသည်။

ဇော်မြင့်နိုင်