ဒေါပုံမြို့နယ်တွင် နှာခေါင်းစည်းမဖြစ်မနေတပ်ဆင်ရေးလူထုလှုပ်ရှားမှုစီမံချက်အဖြစ် Mask  Campaign ကို အရှိန်အဟုန်မြှင့်ဆောင်ရွက်

ဒေါပုံ  ဒီဇင်ဘာ  ၆

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒေါပုံမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု မရှိစေရန်နှင့် ကာကွယ်ခြင်းဆိုင်ရာ ကျန်းမာရေး အသိပညာပေးအဖြစ် ပါးစပ်နှင့် နှာခေါင်းစည်း မဖြစ်မနေ တပ်ဆင်ရေးလူထုလှုပ်ရှားမှု (Mask Campaign)  အရှိန်အဟုန်မြှင့် ဆောင်ရွက်ခြင်းကို ယနေ့ နံနက်(၉)နာရီက ဒေါပုံဈေးနှင့် ရတနာဈေးတို့တွင် ပြုလုပ်ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ဈေး၀ယ်ပြည်သူများနှင့် ဈေးရောင်းချနေသည့် ပြည်သူများအား ပါးစပ်နှင့် နှာခေါင်းစည်း Mask မဖြစ်မနေ တပ်ဆင်ရေးအတွက် စည်းရုံး လှုံ့ဆော်ခြင်းများ ဆောင်ရွက်ခဲ့ပြီး  နှာခေါင်းစည်း Mask (၁၅၀၀) ခု ကိုအခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ထို့သို ဆောင်ရွက်မှုတွင် အမှတ်(၂)တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသန့်ဇင်၊ မြို့နယ်ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်သက်ထူးနှင့် ဌာနဆိုင်ရာအဖွဲ့ဝင်များ၊ မြို့မိမြို့ဖတို့က ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

အဆိုပါ ပါးစပ်နှင့်နှာခေါင်းစည်း မဖြစ်မနေတပ်ဆင်ရေးလူထုလှုပ်ရှားမှု Mask campaign ပြုလုပ် ဆောင်ရွက်ခြင်းနှင့် အသိပညာပေးခြင်းကိုနံနက်ပိုင်းနှင့် ညနေပိုင်း နှစ်ပိုင်းခွဲ၍ အဖွဲ့များအလိုက် နေ့စဉ်ပြုလုပ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်သက်ထူးထံမှသိရသည်။

သဲစုစုလွင်(ပြန်/ဆက်)