ထန်းတပင်(ရန်ကုန်) ဒီဇင်ဘာ ၆
ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်၌ ကိုဗစ်-၁၉ကူးစက်ရောဂါအား ကြိုတင်၍ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် နှာခေါင်းစည်းမတပ်ဆင်ထားသူများအား နှာခေါင်းစည်း Mask များ တပ်ဆင်သွားလာရေးလှုပ်ရှားဆောင်ရွက်မှု Mask Campaign ကို ဒီဇင်ဘာလ (၆)ရက်နေ့ နံနက်ပိုင်းက ထန်းတပင်မြို့မစျေး၊ စျေးရှေ့နှင့် လမ်းဆုံကားဂိတ်တို့တွင် ဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။
Mask Campaign ဆောင်ရွက်ရာတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့အမှူဆောင်အရာရှိ ဦးသန့်ဇော်ဝင်းနှင့် စည်ပင်ဝန်ထမ်းများ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ကျန်းမာရေးမှူး အဆင့်(၁) ဒေါ်နွဲ့နွဲ့ နှင့်ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်မီးသတ်ဦးစီးဌာန ဒုတိယ မီးသတ် ဦးစီးမှူး ဦးမျိုးနိုင်ဦးနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် မြို့မ ပရဟိတလူငယ်များအဖွဲ့ဝင်များက ထန်းတပင်မြို့မစျေးရှိ စျေးသည်များ၊ မြို့မစျေးသို့ လာရောက်ကာစျေးဝယ်ကြသူများ၊ စျေးရှေ့ဖြတ်သန်း သွားလာနေကြသူများနှင့် လမ်းဆုံ ကားဂိတ် ဖြတ်သန်းသွားလာနေကြသူများတွင် နှာခေါင်းစည်းတပ် ဆင်ထားခြင်း မရှိပါက တစ်ခါသုံး နှာခေါင်းစည်း Maskများ (အခမဲ့)ဖြန့်ဝေဆောင်ရွက်ခြင်း၊ တပ်ဆင် ထားသည့် နှာခေါင်းစည်း ဟောင်းနွမ်းနေပါကလည်း အသစ်လဲလှယ်တပ်ဆင်စေခြင်းတို့ကို ဆောင်ရွက်ခဲ့ကြပြီး နေအိမ်ပြင်ပထွက်ခွာသွားလာရာတွင် နှာခေါင်းစည်းမဖြစ်မနေတပ်ဆင်သွားလာစေရေး အသိပညာပေး ဆောင်ရွက်ခဲ့ကြကာ ကျန်းမာရေးဦးစီးဌာနမှ ထုတ်ဝေထားသည့် အသိပညာပေး လက်ကမ်း စာစောင်များကိုပါဖြန့်ဝေ ဆောင်ရွက်ခဲ့ကြ ကြောင်းသိရသည်။
နှာခေါင်စည်းတပ်ဆင်သွားလာရေး လှုပ်ရှားဆောင်ရွက်မှုများကို မြို့နယ်တာဝန်ရှိသူများနှင့် မြို့မပရဟိတလူငယ်အဖွဲ့ဝင်များပူးပေါင်း၍ ဆောင်ရွက်ခဲ့ကြခြင်းဖြစ်ပြီး လက်ရှိဖြစ်ပွားလျက် ရှိသည့် ကိုဗစ်-၁၉ကူးစက်ရောဂါကို ကြိုတင်၍ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် စျေးရောင်း၊ စျေးဝယ်များနှင့် စျေးရှေ့၊ လမ်းဆုံကားဂိတ် ဖြတ်သန်းသွားလာနေကြသူများတွင် နှာခေါင်းစည်း မတပ်ဆင်သူများကို အဓိကထားကာ နေအိမ်ပြင်ပသို့ထွက်ခွာသွားလာရာ၌ နှာခေါင်းစည်း မဖြစ်မနေ တပ်ဆင်သွားလာနိုင်ရေး အသိပညာပေးအနေဖြင့် Mask Campaign ကို ဆောင်ရွက်ခြင်း ဖြစ်ကြောင်းလည်းသိရသည်။
ဇင်မင်းထိုက်(ပြန်/ဆက်)