ပေါက်ခေါင်း ဒီဇင်ဘာ ၆
မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ အခြေခံပညာအထက်တန်းကျောင်းများသို့ လှူဒါန်းသော ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် အသုံးပြုရန် နှစ်ခုတွဲခြေနင်း လက်ဆေး ဘေစင် လှူဒါန်းပွဲကို ယမန်နေ့နံနက်ပိုင်းက ပေါက်ခေါင်းမြို့ မြို့နယ်ကြက်ခြေနီအဖွဲ့ ရုံးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
အခမ်းအနားတွင် ခရိုင်ကြက်ခြေနီတပ်ဖွဲ့မှူးဦးဝင်းကြိုင်က မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ခြေနင်းလက်ဆေးဘေစင်များ လှူဒါန်းပေးရခြင်းနှင့် ပက်သက်၍ရှင်းလင်းပြောကြားပြီး ခရိုင်ကြက်ခြေနီတပ်ဖွဲ့မှူးနှင့် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူးဒေါ်ဝင်းရီတို့က အဆိုပါပစ္စည်းများကို ပညာရေးဌာနသို့လွှဲပြောင်းပေးအပ်ရာမြို့နယ်ပညာရေးမှူး ဒေါ်မြင့်မြင့်ထွေးက လက်ခံရယူသည်။
အဆိုပါ ခြေနင်းလက်ဆေးဘေစင်များကို အ−ထ−က(ပေါက်ခေါင်း)၊အ−ထ−က(အိုးဘိုကုန်း)နှင့် အ−ထ−က(ခွဲ)အမှတ်(၁)ကျောင်းများသို့ လှူဒါန်းပေးမည်ဖြစ်ကြောင်း မြို့နယ်ကြက်ခြေနီ တပ်ဖွဲ့ရုံးမှ သိရသည်။
သန်းထွန်းအောင်(ပြန်/ဆက်)