စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ပဲမျိုးစုံ ဧက(၆၈၇၀၆၆)ကျော် စိုက်ပျိုးပြီးစီး      

မုံရွာ  ဒီဇင်ဘာ  ၆

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်(၃၇)မြို့နယ်တွင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ဆောင်းသီးနှံ စိုက်ပျိုးချိန်တွင် ပဲမျိုးစုံ (၆၈၇၀၆၆)ဧက စိုက်ပျိုးပြီးစီးခဲ့ပြီ  ဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေး ဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး ညွှန်ကြားရေးမှူး ဦးဝင်းလှိုင်ဦးထံမှ သိရသည်။

 “ လျာထားချက်ပြည့်မီအောင် စိုက်ပျိုးနိုင်ဖို့ စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းတွေက တောင်သူတွေ အထွက်နှုန်းကောင်း မျိုးကောင်းမျိုးသန့်တွေရရှိဖို့ ပိုးမွှားကင်းတဲ့သီးနှံတွေ အောင်မြင် ဖြစ်ထွန်းဖို့၊ ဓာတုလျော့ချ သုံးစွဲနိုင်ရေးသဘာ၀မြေသြဇာ၊ ပိုးသတ်ဆေးတွေသုံးစွဲ စိုက်ပျိုး ကြဖို့ကို စိုက်ခင်းတွေအရောက် သွားပြီး အသိပညာပေးတာတွေ လုပ်ဆောင်ပေးနေတယ်၊ တိုင်းဒေသကြီးအတွင်းမှာရှိတဲ့ မြို့နယ် (၃၇)မြို့နယ်မှာ ပဲမျိုးစုံ ဧက ခြောက်သိန်းကျော် စိုက်ပျိုး ပြီးစီးခဲ့ပြီဖြစ်ပါတယ်၊ အခုလည်းဆက်လက်ပြီး စိုက်ပျိုးနေတယ်၊ ” ဟု စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး ညွှန်ကြားရေးမှူး ဦးဝင်းလှိုင်ဦးက ပြောသည်။

ယခုနှစ် နိုဝင်ဘာလကုန်အထိ ပဲမျိုးစုံစိုက်ပျိုးပြီးစီးမှုအနေဖြင့် မုံရွာခရိုင် အတွင်း (၈၂၃၃၃)ဧကအား လည်းကောင်း၊ စစ်ကိုင်းခရိုင်အတွင်း (၉၈၆၉၇)ဧကအားလည်းကောင်း၊ ရွှေဘိုခရိုင် အတွင်း (၁၇၅၁၉၆)ဧက အားလည်းကောင်း၊ ယင်းမာပင်ခရိုင်အတွင်း (၁၂၉၉၃၁) ဧကအားလည်းကောင်း၊ ကသာခရိုင်အတွင်း (၃၀၅၆၄)ဧက အားလည်းကောင်း၊ ကလေး ခရိုင်အတွင်း (၅၉၇၄၃)ဧကအားလည်းကောင်း၊ တမူးခရိုင်အတွင်း (၁၉၆၅)ဧကအား လည်းကောင်း၊ ကန့်ဘလူခရိုင်အတွင်း (၉၈၆၁၇)ဧကအားလည်းကောင်း၊ မော်လိုက်ခရိုင် အတွင်း (၈၆၀၁) ဧကအားလည်းကောင်း၊ ခန္တီးခရိုင်အတွင်း (၁၂၁၆)ဧကအားလည်းကောင်း၊ နာဂ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသအတွင်း (၂၀၃)ဧကအား လည်းကောင်း စိုက်ပျိုးပြီးစီးသွားပြီ ဖြစ်ကြောင်း စစ်ကိုင်းတိုင်း ဒေသကြီးစိုက်ပျိုးရေးဦးစီးဌာန၏ မှတ်တမ်းများအရ သိရသည်။

ဝင်းဦး(ဇေယျာတိုင်း)