ရန်ကုန် ဒီဇင်ဘာ ၆
ရန်ကုန်မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ် အလင်းရောင်ပြည်သူ့စာကြည့်တိုက် အဆောက်အဦအသစ် ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက ပေါက်ကုန်းရပ်ကွက် သုခလမ်းမပေါ်ရှိ အလင်းရောင် အဆောက်အဦအသစ်ရှေ့၌ အလှူရှင် ပါမောက္ခချုပ်(ငြိမ်း) ဒေါက်တာနေစိုးမောင်က ဖဲကြိုးဖြတ် ဖွင့်လှစ် ပေးခဲ့သည်။
အဆိုပါ အဆောက်အဦသည် (၁၅’ × ၂၀’)ရှိပြီး Steel Strac TURE အုတ်စီ၊ သွပ်မိုးထားပြီး (၂၂-၃-၂၀၂၀)ရက်နေ့တွင် စတင်တည်ဆောက်ခဲ့ပြီး (၁၅-၄-၂၀၂၀)ရက်နေ့၌ ပြီးစီးပြီး ငွေကျပ် (၃၅၃၅၁၅)ကျပ် စုစုပေါင်းကုန်ကျခဲ့သည်။
ယနေ့တွင် အလှူရှင် ဒေါက်တာနေစိုးမောင်က အဆောက်အဦ ဆောက်လုပ်သည့် စာရွက်စာတမ်းများနှင့် အဆောက်အဦ တို့ကို စာကြည့်တိုက်နာယကကြီး ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးတင်ဦးထံ လွှဲပြောင်း ပေးအပ်ခဲ့သည်။
ထို့နောက် အလှူရှင် ဒေါက်တာနေစိုးမောင်က လှူဒါန်းရခြင်းအကြောင်းကို မုဒိတာစကားပြော ကြားခြင်း၊ စာကြည့်တိုက်များကွန်ရက် ဦးဆောင်ဒါရိုက်တာ ဦးမောင်းမောင်းစိုးက အမှတ်တရ စကားပြောကြားခြင်း၊ အလင်းရောင် စာကြည့်တိုက် နာယကကြီး ဦးတင်ဦးက ကျေးဇူးတင်စကား ပြန်လည် ပြောကြားခဲ့သည်။
ထိုစာကြည့်တိုက်တွင် ကော်မတီဝင်(၁၅)ဦးနှင့် အသင်းဝင်(၁၃၀)ဦးရှိပြီး သုတ၊ ရသ စာအုပ်ပေါင်း (၁၀၅၀၀)အုပ်၊ စာကြည့်စားပွဲ(၂)လုံး၊ စာအုပ်စင်အကြီး (၆ ' × ၈’)(၄)စင်၊ (၃’ ×၆’)(၂)စင်၊ (၅’ ×၄’)(၁)စင်၊ ( ၁၀’×၆’)ကျောကပ်(၁)စင်၊ ကုလားထိုင်(၃၅)လုံး၊ သင်တန်းများတွင် အသုံးပြုရန် စားပွဲခုံ (၂၅)စုံနှင့် TV Led 19’(၁)လုံး၊ Wifiစက်(၁)လုံး၊ Cctv(၁)လုံး၊ ဖုန်း(၁)လုံး၊ လျှပ်စစ်မီတာ(၁)လုံး၊ ရေမော်တာ(၁)လုံးတို့ ပါရှိကြောင်း သိရသည်။
မျိုးသန့်(ပြန်/ဆက်)