မင်းဘူး ဒီဇင်ဘာ ၆
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့တွင် ယမန်နေ့ ညပိုင်းက ပိုးတွေ့ အတည်ပြုလူနာနှင့် ဆက်စပ်သူ (၅)ဦးတွင် ကိုဗစ်ပိုးတွေ့ရှိခဲ့ပြီး စကုမြို့ ကံဦး သဘာဝတရားရိပ်သာ Quarantine Centre တွင် အသွားအလာ ကန့်သတ်ထားရှိသူများဖြစ်ကြောင်း မြို့နယ် Covid-19 ရောဂါကြိုတင်ကာကွယ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီဥက္ကဋ္ဌ ဦးသိန်းဇော်ကံက အတည်ပြု ပြောကြားသည်။
ပိုးတွေ့အတည်ပြုလူနာများ၏ ဓါတ်ခွဲနမူနာများကို ရန်ကုန်အမျိုးသားကျန်းမာရေးဆိုင်ရာ ဓါတ်ခွဲမှု ဌာန(NHL)သို့ ဒီဇင်ဘာ (၃)ရက်နေ့က ပေးပို့စစ်ဆေးခဲ့ရာ ဒီဇင်ဘာ (၅)ရက်နေ့ ညပိုင်းတွင် ရောဂါပိုးတွေ့ အဖြေသိရှိခဲ့ရခြင်းဖြစ်ကြောင်း၊ ပိုးတွေ့ရှိသူများမှာ ဒေသတွင်း ကူးစက်မှုများဖြစ်ပြီး ပိုးတွေ့အတည်ပြုလူနာနှင့် ဆက်စပ်သူများဖြစ်ကြောင်း၊ စကုမြို့ ကျောင်းရွာရပ်ကွက်မှ အမျိုးသား နှစ်ဦးနှင့် အမျိုးသမီး တစ်ဦး၊ စကုမြို့ ဖောင်တန်းရပ်မှ အမျိုးသမီး နှစ်ဦးတို့ဖြစ်ပြီး ခရိုင်ပြည်သူ့ ဆေးရုံသီးသန့်ဆောင်၌ ဆေးကုသပေးထားကြောင်း ခရိုင်ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာ တင့်ခိုင်က ပြောသည်။
မင်းဘူးမြို့တွင် ဒီဇင်ဘာ (၆)ရက် နံနက်ပိုင်းအချိန်ထိ ပိုးတွေ့အတည်ပြုလူနာ (၁၃၁) ဦးအထိ တွေ့ရှိခဲ့ပြီး ဆေးရုံဆင်းခွင့်ရရှိသူ (၁၀၉)ဦးရှိကာ အတည်ပြုလူနာများထဲမှ သေဆုံးသူ နှစ်ဦးရှိထား ကြောင်း ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
မောင်မောင်(မင်းဘူး)