သန်လျင်၌ ပဲတီစိမ်းစိုက်ခင်းအတွင်း ဆီထွက်နေကြာသီးနှံညှပ်စိုက်ပျိုးနိုင်ရေး လက်တွေ့ သရုပ်ပြ စိုက်ပျိုးပေး

သန်လျင်  ဒီဇင်ဘာ  ၆

ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ကိုဗစ်- ၁၉ ကာလ စိုက်ပျိုးရေး လုပ်ငန်းများ အရှိန်လျော့ကြမသွား စေရေးအတွက် ဆောင်းသီးနှံဖြစ်သော ပဲတီစိမ်း စိုက်ခင်း အတွင်း ဆီထွက်နေကြာသီးနှံညှပ်စိုက်ပျိုးနိုင်ရေး လက်တွေ့သရုပ်ပြ စိုက်ပျိုး ပေးခြင်းအား ယမန်နေ့ နံနက် ၇ နာရီက သန်လျင်မြို့နယ် သူဌေးကွင်းကျေးရွာ၌ ပြုလုပ်သည်။

ထိုသို့ စိုက်ပျိုးရာတွင် သန်လျင်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန  DOA. Thanlyin ဝန်ထမ်းများက သူဌေးကွင်းကျေးရွာ တောင်သူ ဦးအောင်မင်းလွင်၏ ဆောင်းသီးနှံ ပဲတီစိမ်းစိုက်ခင်း ၁၀ ဧကအတွင်း ဆီထွက်သီးနှံ နေကြာသီးညှပ်စိုက်ပျိုးနိုင်ရေး လက်တွေ့သရုပ်ပြ စိုက်ပျိုးပေးကြရာ ရန်ကုန်တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးဇော်လင်းနှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေး ကြပြီး စိုက်ပျိုးရေးတာဝန်ရှိသူများနှင့် တောင်သူများအား တွေ့ဆုံကာ ဆောင်းသီးနှံများစိုက်ပျိုးရာတွင် လိုအပ်သောကိစ္စရပ် များအား ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။

သန်လျင်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် သန်လျင်မြို့နယ်အတွင်း ဆောင်းသီးနှံ စိုက်ပျိုးထုတ်လုပ်သူတောင်သူများ၊ စိုက်ပျိုးနည်းစနစ် မှန်ကန်စေရေး၊ စိုက်ပျိုးသီးနှံ မျိုးကောင်း မျိုးသန့်ရရှိရေး၊ မြေဆီမြေလွှာနှင့် သဘာဝဓာတ်မြေသြဇာရရှိရေး၊ ပိုးသတ်ဆေးများ အန္တရာယ်ကင်းရှင်းစွာ စနစ်တကျသုံးစွဲတက်ရေးများကို ကွင်းဆင်းကာ လက်တွေ့ရှင်းလင်း ပြသခြင်းများအား စဉ်ဆက်မပြတ် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

သက်ခိုင် (သန်လျင်)