ခင်ဦး ဒီဇင်ဘာ ၆
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့၌ ဆိုင်ထိုင်စားသောက်ဖွင့်လှစ်နိုင်ရန် (A) အဆင့်သတ်မှတ်ထားသည့် စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်များကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့က ယနေ့ နံနက်ပိုင်းက ရှောင်တခင် စစ်ဆေးခဲ့သည်။
ထိုသို့စစ်ဆေးရာတွင် (A)အဆင့်သတ်မှတ် ထားသည့် စားသောက်ဆိုင်များ၊ လက်ဖက်ရည်ဆိုင်နှင့် အခြားဆိုင်များကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ကြိုတင် ကာကွယ်ရေး ညွှန်ကြားချက်များနှင့်အညီ ဆိုင်ထိုင်စားသောက်နိုင်ရန် ဆောင်ရွက်ထားခြင်း ရှိ၊ မရှိ တို့ကို ရှောင်တခင် စစ်ဆေးခဲ့သည်။
ခင်ဦးမြို့နယ်တွင် စားသောက်ဆိုင် (၈) ဆိုင်၊ လက်ဖက်ရည်ဆိုင် (၂၅) ဆိုင်နှင့် အခြားဆိုင် (၄၁) ဆိုင် စုစုပေါင်း (၇၄) ဆိုင်ရှိရာ (A)အဆင့် သတ်မှတ်ထားသည့် ဆိုင်စုစုပေါင်း (၆၄) ဆိုင်ဖွင့်လှစ်ခွင့် ရပြီဖြစ်ကြောင်း မြို့နယ်အမှုဆောင်အရာရှိ ဒေါ်မာမာအောင် ၏ပြောကြားချက်အရ သိရသည်။
စိုးဝေအောင်(ခင်ဦး)