မင်းဘူးမြို့(စကု)မြို့နယ်တွင် A အဆင့်သတ်မှတ်ထားသော စားသောက်ဆိုင်ပေါင်း (၆၉)ဆိုင်ကို ဆိုင်ထိုင်စနစ်ဖြင့် ပြန်လည်ရောင်းချခွင့်ပြု

မင်းဘူး          ဒီဇင်ဘာ        ၆

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ် စည်ပင်သာယာရေးနယ်နိမိတ်အတွင်း ရောင်းချနေသော စားသောက်ဆိုင်များထဲမှ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ စည်းကမ်း သတ်မှတ်ချက်များနှင့်အညီ လိုက်နာဆောင်ရွက်ပြင်ဆင်ထားရှိပြီး A အဆင့် သတ်မှတ်ထားသော စားသောက်ဆိုင် (၆၉)ဆိုင်ကို ယမန်နေ့က ပြန်လည်ရောင်းချခွင့်ပြုခဲ့ပြီး ယနေ့နံနက်ပိုင်းက အဆိုပါဆိုင်များကို သက်ဆိုင်ရာတာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့စစ်ဆေးရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် တာဝန်ရှိသူများက စားသောက်ဆိုင်များနှင့် လက်ဖက်ရည် ဆိုင်များအတွင်း အပူချိန်တိုင်း ကိရိယာထားရှိမှု၊ လက်ဆေးဘေစင်ထားရှိမှု၊ လေဝင်လေထွက် ကောင်းမွန်မှု၊ Social Distancing နှင့်အညီ ပြင်ဆင်ဆောင်ရွက်ထားရှိမှု၊ အကန့် ကန့်ထားရှိမှု၊ တစ်ခါသုံးပစ္စည်းများ ပိုးသတ်ထားရှိမှု၊ အသိပညာပေးဗီနိုင်းပိုစတာများ ကပ်ထားမှု၊ ကောင်တာရှေ့ မှန်ကာထားရှိမှု၊ စားပွဲပေါ်တွင် Handgel ထားရှိမှု၊ Menu ထားရှိမှု၊ နှာခေါင်းစည်းနှင့် Face Shield တပ်ဆင်ရောင်းချမှု၊ သန့်စင်ခန်းအတွင်း ရေနှင့်လက်ဆေးဆပ်ပြာထားရှိမှု စသည့်အချက်များကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြသည်။

“ဖွင့်လှစ်ခွင့် မရရှိတဲ့ (A အဆင့်မရှိတဲ့) စားသောက်ဆိုင်တွေကတော့ ပါဆယ်စနစ်နဲ့သာ ရောင်းချ ရမှာဖြစ်ပါတယ်။ အဲဒီဆိုင်တွေက A အဆင့်တို့မြှင့်ပြင်ဆင်ပြီး ဖွင့်လှစ်ခွင့်တင်ပြပါက စစ်ဆေးရေးအဖွဲ့ရဲ့ သတ်မှတ်ချက်နဲ့ကိုက်ညီမယ်ဆိုရင် ဖွင့်လှစ်ခွင့်ပြုပေးသွားမှာပါ။ စားသောက်ဆိုင်အားလုံး စည်းကမ်း လိုက်နာမှုရှိအောင် အပတ်စဉ် ရှောင်တခင်စစ်ဆေးမှုတွေ ပြုလုပ်သွားမှာဖြစ်ပါတယ်” ဟု မြို့နယ် စည်ပင်သာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးဝင်းနိုင်က ပြောသည်။

မင်းဘူး(စကု)မြို့နယ် စည်ပင်သာယာရေးနယ်နိမိတ်အတွင်းရှိ စားသောက်ဆိုင်ပေါင်း (၁၀၆) ဆိုင် ရှိပြီး A အဆင့် သတ်မှတ်ထားသော စားသောက်ဆိုင် (၆၉)ဆိုင် ဖွင့်လှစ်ရောင်းချလျက်ရှိကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့ထံမှ သိရသည်။

မောင်မောင်(မင်းဘူး)