ထန်းတပင်မြို့နယ်တွင် အသွားအလာကန့်သတ်စောင့်ကြည့်ရေးစင်တာသို့ ရောဂါကြိုတင် ကာကွယ်ရေးသုံး ပစ္စည်းနှင့် သောက်ရေသန့်ဘူးများလှူဒါန်း

ထန်းတပင်(ရန်ကုန်) ဒီဇင်ဘာ ၆

ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ် အ.ထ.က(ခွဲ) အတွင်းရေကျော်အသွားအလာ ကန့်သတ်စောင့်ကြည့်ရေးစင်တာတွင် ကိုဗစ်-၁၉ရောဂါကြိုတင်ကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်ရာ၌ အသုံးပြုနိုင်ရန်အတွက် ဒီဇင်ဘာလ(၆)ရက်နေ့၊ မွန်းလွဲပိုင်းက ရောဂါကြိုတင် ကာကွယ်ရေးသုံး ပစ္စည်းများနှင့် သောက်ရေသန့်ဘူးများကို ထန်းတပင်မြို့မ ပရဟိတ လူငယ်အဖွဲ့နှင့် အလှူရှင်များအဆိုပါ စင်တာသို့သွားရောက် လှူဒါန်းပေးခဲ့ကြကြောင်း သိရသည်။

ထို့သို့ လှူဒါန်းရာတွင် အလှူရှင်ဦးဝင်းရွှေနှင့်ဇနီး(အောင်ချမ်းမြေ့လယ်ယာသုံးစက်ပစ္စည်း နှင့် စိုက်ပျိုးရေးပစ္စည်းမျိုးစုံ ရောင်းဝယ်ရေး)မိသားစုတို့က ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်း များဆောင်ရွက်ရာတွင် အသုံးပြုနိုင်ရန်အတွက် နှာခေါင်းစည်း အခု (၅၀)ပါ (၃၀)ဘူး၊ ဦးအေးနိုင်ထွန်း (ကျော်-ဓာတ်မြေသြဇာနှင့်စက်သုံးဆီရောင်းဝယ်ရေး)နှင့် ရွှင်လန်း လက်ဘက်ရည်ဆိုင်မိသားစုတို့က ရောဂါကြိုတင်ကာကွယ်ရေးဝတ်စုံ (၁၀)ခုနှင့် သောက်ရေသန့် (၆)လုံးပါ ရေသန့်ကတ် (၂၆)တို့ကို စင်တာမှတာဝန်ရှိသူများထံသို့ လှူဒါန်းပေးခဲ့ကြောင်းသိရသည်။

ထန်းတပင်မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်နှံမှုများမရှိစေရေး ကြိုတင်ကာကွယ် သည့်အနေဖြင့် ဓာတ်ခွဲအတည်ပြုလူနာများနှင့် အနီးကပ်ထိတွေ့ခဲ့သူများအား အ.ထ.က(ခွဲ) အတွင်းရေကျော် အသွားအလာ ကန့်သတ်စောင့်ကြည့်ရေးစင်တာတွင် အသွားအလာများ ကန့်သတ်ကာ သီးခြား နေထိုင်စောင့်ကြည့်မှုများကို ဆောင်ရွက်လျက်ရှိပြီး လက်ရှိအဆိုပါ ကျောင်းတွင် အသွားအလာကန့်သတ် ထားရှိသူ(၄၃)ဦးရှိကြောင်းလည်းသိရသည်။

ဇင်မင်းထိုက်(ပြန်/ဆက်)