ဗန်းမောက်မြို့ ဘုရာကြီးကွက်သစ် လမ်းသွယ်နှစ်ခု ဒေသခံပြည်သူများ အဆင်ပြေစွာ သွားလာနိုင်ရေး ကျောက်ချောလမ်း ခင်းကျင်းဆောင်ရွက်

ဗန်းမောက် ဒီဇင်ဘာ ၆        

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ဗန်းမောက်မြို့နယ် စည်ပင်သာယာရေးကော်မတီမှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေဖြင့် ဘုရားကြီးကွက်သစ် လမ်းသွယ် (၁)နှင့် လမ်းသွယ်(၂) ကျောက်ချောလမ်းခင်းကျင်း အရှည်ပေ (၁၆၀၀)ပေအား ရပ်ကွက်နေပြည်သူများ ရာသီမရွေး သွားလာနိုင်ရန်အတွက် ကျောက်ချောလမ်းအဖြစ် စတင်ခင်းကျင်းခြင်းလုပ်ငန်းကို ယမန်နေ့စတင်ပြီး အကောင်အထည်ဖော်ဆောင်ရွက်လျှက်ရှိကြောင်း မြို့နယ်စည်ပင်သာယာ‌ရေးကော်မတီ အမှုဆောင်အရာရှိ ဦးနေလင်းသိန်းထံမှ သိရသည်။

ဗန်းမောက်မြို့ ဘုရားကြီးကွက်သစ် မြေသားလမ်းဖြစ်သည့်အတွက် မိုးတွင်းကာလများတွင် ရပ်ကွက်နေပြည်သူအများသွားလာရာတွင် အဆင်မပြေမှုများ ကြုံတွေ့နေရကြောင်းသိရ၍ ယခုနှစ် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် မြို့နယ်စည်ပင်သာယာရေးကော်မတီမှ တိုင်းဒေသကြီးခွင့်ပြု ရန်ပုံငွေဖြင့် အနီးကပ်ကြီးကြပ်၍ ဘုရားကြီးကွက်သစ် လမ်းသွယ်(၁)တွင် (၈၀၀) ပေ နှင့် လမ်းသွယ်(၂) ပေ(၈၀၀)အား လမ်းအကျယ်(၁၂)ပေ ထု(၁)ပေ ကျောက်ချောလမ်းအဖြစ် ဆောင်ရွက် လျှက်ရှိကြောင်း သိရသည်။

အဆိုပါကျောက်ချောလမ်း ဆောင်ရွက်ခြင်းလုပ်ငန်းပြီးစီးပါက ဗန်းမောက်မြို့ ဘုရားကြီးကွက်သစ် လမ်းသွယ်(၁)နှင့် လမ်းသွယ်(၂)အတွင်းရှိ ဒေသခံပြည်သူများ အဆင်ပြေစွာ သွားလာနိုင်မည်ဖြစ်ပြီး မြို့သန့်ရှင်းသာယာလှပရေးအတွက်များစွာ အထောက်အကူပြုမည် ဖြစ်ကြောင်းနှင့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ခဲ့သည့် ဇလုံတောင် တောင်တက် ကတ္တရာလမ်း အရှည် (၁၁၀၀)ပေ ပြီးစီးမှုအခြေအနေများကိုလည်း မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူ များက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဌ ဦးခင်အောင်က ပြောသည်။

ကျော်စွာ(ဗန်းမောက်)