လိပ်သို ဒီဇင်ဘာ ၇
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ သစ်ခေါင်းကျေးရွာတွင်(CDN-ZOA) နယ်သာလန်အခြေစိုက် နိုင်ငံတကာခရစ်ယာန်လူမှုရေးအသင်း၏ ပံ့ပိုးမှုဖြင့် ကိုယ့်အားကိုယ်ကိုးသော လူမှု၀န်းကျင်မြှင့်တင်ခြင်းစီမံကိန်း (PSC) Project လုပ်ငန်းများကို (KMSS) ဂရုဏာ တောင်ငူလူမှုရေးအသင်းနှင့် (KKBA) ခရစ်ယာန်လူမှု၀န်ထမ်းခြင်းနှင့် ဖွံ့ဖြိုးရေးဌာနတို့မှ ပူးပေါင်းမှုဖြင့် ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက်က ကျေးလက်နေပြည်သူများအား လုပ်ငန်းများ စွမ်းဆောင်ရည်မြှင့်တင်ခြင်း ဆွေးနွေးခြင်း တစ်ရပ် ပြုလုပ်ခဲ့ကြောင်း သိရပါသည်။
အဆိုပါ ဆွေးနွေးပွဲတွင် တစ်ကိုယ်ရည်သန့်ရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ နည်းပြအရာရှိ ဆရာမ ဒေါ်စန်းစန်းမော်မှ ရေသန့်၊ အစာသန့်၊ လက်သန့် ၊ အိမ်သာသန့်၊ တစ်ကိုယ် ရည်သန့်၊ ပတ်၀န်းကျင်သန့်ရှင်းမှု နှင့် ဆက်နွယ်သည့် သန့် (၆) သန့် အကြောင်းအရာများအား ဆွေးနွေးခဲ့ပြီးလက်ရှိ အသုံးချနေမှုများကို လည်း လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရပါသည်။
ထိုသို့ လိုက်လံကြည့်ရှုစစ်ဆေးရာတွင် ပံ့ပိုးပေးထားသည့် အသုံးအဆောင်ပစ္စည်းများဖြင့် အိမ်သာတည်ဆောက်ထားရှိမှုများ၊ ၀က်မွေးမြူထားရှိမှုများ၊ အမှိုက်ပုံး ထားရှိမှုများအား တစ်အိမ်စီ ၀င်ထွက် ကြည့်ရှုစစ်ဆေးခဲ့ပြီး စနစ်တကျ ဆက်လက်အသုံးပြုနိုင်ရန် လိုအပ် သည်များကို အသိပညာပေးမှာကြားခဲ့ကြောင်း သိရပါသည်။
နွယ်နွယ်ခိုင် (ပြန်/ဆက်)