ကျောက်တန်း ဒီဇင်ဘာ ၇
ကျေးရွာသန့်ရှင်းသာယာလှပရေး၊ ကျေးလက်နေပြည်သူများ ကျန်းမာရေးနှင့်ညီညွတ်စွာ နေထိုင်နိုင်ရေးနှင့် သဘာဝပတ်ဝန်းကျင်နှင့် လူမှုပတ်ဝန်းကျင် ထိခိုက်မှုများအား လျော့ချနိုင်စေရေးအတွက် ရည်ရွယ်၍ ရန်ကုန်တောင်ပိုင်းခရိုင် ကျောက်တန်းမြို့နယ် ဇွဲကနာကျေးရွာတွင် ယမန်နေ့နံနက် ၇ နာရီမှ စတင်ကာ နှင့် ဇွဲရတနာပရဟိတအဖွဲ့မှ ဦးဆောင်၍ ကျေးရွာလုံးကျွတ် စုပေါင်းအမှိုက်ကောက်ခြင်းနှင့် အမှိုက်သိမ်းခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထို့သို့ဆောင်ရွက်မှုတွင် ဇွဲကနာကျေးရွာ ဆရာတော်ဘုရားမှ ဦးဆောင်၍ ဇွဲရတနာပရဟိတ အဖွဲ့သားများက ကျေးရွာတွင်းလမ်းများတလျှောက် စုပေါင်းအမှိုက်ကောက်၊ အမှိုက်သိမ်းခြင်းများ ဆောင်ရွက်ခဲ့ကြရာ ကျေးရွာမှ စေတနာရှင်ပြည်သူများက ဇွဲရတနာပရဟိတ အသင်းသားများအား အာဟာရဒါနများဖြင့် ကျွေးမွေးခဲ့ကြကြောင်း သိရသည်။ “ကျွန်တော်တို့အဖွဲ့က အပတ်စဉ်တနင်္ဂနွေနေ့တိုင်း ကျေးရွာတွင်း လှည့်လည်ပြီး အမှိုက်များကောက်၊ အမှိုက်သိမ်းခြင်းတွေ ဆောင်ရွက်ပါတယ်။ ကျေးရွာသန့်ရှင်းသာယာလှပရေး၊ ကျေးလက်နေပြည်သူများ ပလပ်စတစ် သုံးစွဲမှုလျှော့ချရေး၊ သဘာဝပတ်ဝန်းကျင်နှင့် မြေဆီလွှာတွေ ထိခိုက်ပျက်စီးမှုလျော့ပါးစေရေး နှင့်အများအကျိုးကို ရှေးရှုတတ်သော ပရဟိတစိတ်များ ကိန်းအောင်းလာစေရန် ရည်ရွယ်ပြီး ဆောင်ရွက် ခြင်ဖြစ်ပါတယ်၊ အခုဆိုရင် ကျေးရွာက ပြည်သူတွေကလည်း အမှိုက်ကို စနစ်တကျ စွန့်ပစ်တတ်လာကြပြီ၊ အမှိုက်စို၊ အမှိုက်ခြောက် ခွဲခြားပြီး စွန့်ပစ်တတ်လာကြပါပြီ ကျွန်တော်အနေနဲ့ ပင်ပမ်းပေမဲ့ ကျေးရွာက ပြည်သူတွေပါ ပူးပေါင်းပါဝင်လာတာရယ်၊ မျိုးဆက်သစ်လူငယ်တွေရဲ့စိတ်မှာ ပရဟိတ စိတ်လေးတွေ ဖြစ်တည်လာတာ တွေ့ရတော့ အရမ်းပီတိဖြစ်မိပါတယ်လို့ ”ဇွဲကနာကျေးရွာ ဇွဲရတနာ ပရဟိတအဖွဲ့သား တစ်ဦးက ပြောကြားခဲ့သည်။
ခင်ဆွေဝင်း(ကျောက်တန်း)