ကျောက်တန်းမြို့နယ် ကရင်ချောင်ကျေးရွာတွင် (၅၉) ကြိမ်မြောက် အမှိုက်ကင်းစင်ရေး လှုပ်ရှားမှု ဆောင်ရွက်

ကျောက်တန်း   ဒီဇင်ဘာ ၇

ကျေးလက်နေပြည်သူများ လူနေမှုဘဝတိုးတက်မြင့်မားလာစေရန်နှင့် သဘာဝပတ်ဝန်းကျင်နှင့် လူမှုပတ်ဝန်းကျင် ထိခိုက်မှုများလျှော့ချနိုင်စေရန် ရည်ရွယ်ပြီး ရန်ကုန်တောင်ပိုင်းခရိုင် ကျောက်တန်းမြို့နယ် ကရင်ချောင်ကျေးရွာတွင် မြန်မာ့ဂုဏ်ရည်အမှိုက်ကင်းစင်ရေးအသင်းမှ ဦးဆောင်၍ ယမန်နေ့နံနက် ၇ နာရီမှ စတင်ကာ အမှိုက်ကင်းစင်ရေးလှုပ်ရှားမှုအဖြစ် ကျေးရွာလုံးကျွတ် စုပေါင်းအမှိုက်သိမ်းခဲ့ကြကြောင်း သိရသည်။

ဆက်လက်ပြီး မြန်မာ့ဂုဏ်ရည်အမှိုက်ကင်းစင်ရေးအသင်းသူ/သားများနှင့် ပြည်သူများက ကျေးရွာအတွင်း လမ်းများတလျှောက် စုပေါင်းအမှိုက်သိမ်းကြပြီး အမှိုက်ကောက် ပြည်သူများ အား ကျေးရွာမှ ပြည်ပနိုင်ငံများတွင် သွားရောက်အလုပ်လုပ်ကိုင်နေကြသော စေတနာရှင်များ က  အာဟာရဒါနများ ကျွေးမွေးခဲ့ကြောင်း သိရသည်။

 “ကျွန်တော်တို့ကျေးရွာက ယခင်ကတော့ အမှိုက်ကောက်ကြတာပေါ့၊ အခုတော့ အမှိုက်ကောက်စရာမလိုတော့ဘဲ အမှိုက်ကို လိုက်သိမ်းတာပဲ ဆောင်ရွက်ရတော့တာပါ၊ ပြည်သူ တွေက မိမိတို့အိမ်က ထွက်ရှိတဲ့ အမှိုက်တွေကို အမှိုက်စို၊ အမှိုက်ခြောက် စနစ်တကျခွဲခြား အိတ်/အမှိုက်ပုံးတွေနဲ့ ထည့်ထားပြီး မိမိတို့အိမ်မှာပဲ စနစ်တကျထားတယ်ပေါ့၊ ကျွန်တော်တို့ မြန်မာ့ဂုဏ်ရည် အမှိုက်ကင်းစင်ရေးအသင်းသားတွေက တွန်းလှည်းတွေနဲ့ အပတ်စဉ် တနင်္ဂနွေနေ့တိုင်း လိုက်လံသိမ်းဆည်းတာပါ၊ ကျေးရွာသန့်ရှင်းသာယာရေး၊ ပြည်သူများ ပလတ်စတစ်သုံးစွဲမှုလျှော့ချရေး၊ သဘာဝပတ်ဝန်းကျင်နှင့် မြေဆီလွှာတွေ ထိခိုက်ပျက်စီးမှု လျော့ပါးစေရေးနှင့် အများအကျိုးကို ရှေးရှုတတ်သောပရဟိတစိတ်များ ကိန်းအောင်းလာစေရန် ရည်ရွယ်ပြီး ဆောင်ရွက်ခြင်းဖြစ်ပါတယ်၊အားလုံးက တက်တက်ကြွကြွ ပါဝင်ကြတော့  ကျွန်တော် ရပ်ရွာအတွက် အားရကျေးနပ်ဂုဏ်ယူမိပါတယ်၊ ဒီတပတ်ကတော့ (၅၉)ကြိမ် မြောက် ဆောင်ရွက်ခြင်းဖြစ်ပါတယ်ဟု မြန်မာ့ဂုဏ်ရည် အမှိုက်ကင်းစင် ရေးအသင်းသား တစ်ဦးက ပြောကြားသည်။

ခင်ဆွေဝင်း (ကျောက်တန်း)