မိုးညိုမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ တောင်သူပညာပေးဆွေးနွေးပွဲနှင့် PP Mobile Application ဖြန့်ဝေ

မိုးညို ဒီဇင်ဘာ ၇

ပဲခူးတိုင်းဒေသကြီး၊ သာယာ၀တီခရိုင်၊ မိုးညိုမြို့နယ်၊စိုက်ပျိုးရေးဦးစီးဌာနမှ ဆောင်းသီးနှံ ပိုးမွှား ရောဂါကျရောက်နိုင်မှု တောင်သူပညာပေးဆွေးနွေးပွဲများကို ကျေးရွာ/အုပ်စုများ အရောက် ကွင်းဆင်း ဆောင်ရွက်လျက်ရှိရာ ယမန်နေ့မွန်းလွဲ ၁ နာရီက ဝဲကြီးကျေးရွာအုပ်စု၊ ဝဲကြီး ကျေးရွာရှိ ကျေးရွာအုပ်ချုပ်ရေးမှူး၏ နေအိမ်တွင် တောင်သူပညာပေး ဆွေးနွေးပွဲ ပြုလုပ်ခဲ့သည်။

ဆွေးနွေးပွဲတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ယဉ်ယဉ်စန်းက ဆောင်းသီးနှံ ပိုးမွှားရောဂါကာကွယ်နှိမ်နှင်းခြင်း၊ ပိုးသတ်ဆေးသုံးစွဲရာတွင် အန္တရာယ်ကင်းစွာ သုံးစွဲတတ်စေရန်၊ ပဲမျိုးစုံ ငမြှောင်တောင်ပိုး ကျရောက်နိုင်မှု ကြိုတင်ကာကွယ်ခြင်းနှင့် နှိမ်နင်းခြင်းနည်းလမ်းများအား အကျယ်တ၀င့်ရှင်းလင်းပြောကြားသည်။

ထို့နောက် ဒုလက်ထောက်ဦးစီးမှူး ဒေါ်စုစုဖြိုးအောင်နှင့် ၀န်ထမ်းများက စိုက်ပျိုးရေးဦးစီးဌာန၊ သီးနှံကာကွယ်ရေးဌာနခွဲမှ ပြုလုပ်/ထုတ်လွှင့်ထားသည့် သီးနှံပိုးမွှားရောဂါ ကာကွယ်ခြင်း နည်းပညာ လမ်းညွှန်ချက်များ၊ ကြိုတင်သတိပေးနှိုးဆော်ချက်များပါ၀င်သည့် (PP Mobile Application) အား တောင်သူများအချိန်နှင့်တစ်ပြေးညီသိရှိနိုင်စေရန် နှင့်သုံးစွဲတတ်စေရန် တောင်သူများ လက်၀ယ်အရောက် Mobile Phone များအတွင်းသို့ ထည့်သွင်း ဖြန့်ဝေပေးခြင်းနှင့် သီးနှံပိုးမွှားရောဂါ ကာကွယ်နှိမ်နှင်းခြင်း ပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။

ကိုမင်း(မိုးညို)