တံတားမြို့လူထုအခြေပြုဗဟိုဌာနခန်းမ၌ စာဖတ်ဝိုင်းကျင်းပ

တံတား ဖေဖော်ဝါရီ ၂၇

ရန်ကုန်တိုင်း‌ဒေသကြီး၊ သန်လျင်ခရိုင်၊ တံတားမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမတွင် စာပေဝါသနာရှင်များနှင့် (Book Club) အဖွဲ့ဝင်များပူးပေါင်း၍ စာရေးဆရာ ကျော်ကျော်လှိုင်ရေးသားသည့် “တန်ဖိုးရှိ‌သောနေ့” စာအုပ်ဖြင့် ယမန်နေ့နံနက် (၁၀) နာရီအချိန်က စာဖတ်ဝိုင်းကျင်းပခဲ့သည်။ ‌

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်မိုးဖြူလွင်က ပြည်သူများ အသိပညာဗဟုသုတတိုးပွားစေရန်၊ ကိုယ်ပိုင်စာဖတ်ချိန်မရှိသူများအတွက်၊ စာဖတ်ခွင့်မဆုံးရှုံးစေရန်၊ တစ်ဦးနှင့်တစ်ဦး စာပေဗဟုသုတ အပြန်အလှန်ဆွေးနွေးတတ်သည့် အလေ့အကျင့်များရရှိ‌စေရန်နှင့် စာဖတ်ရှိန်မြှင့်တင်နိုင်ရေးအတွက်ရည်ရွယ်၍ လစဉ်စာဖတ်ဝိုင်းများ ပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါ စာဖတ်ဝိုင်းတွင် (Book Club) အဖွဲ့ဝင် ဒေါ်သိမ့်သိမ့်ဇော်က “အရေးကြီးတာကိုသိမှ ဦးစားပေးအစီအစဉ်တွေမှန်မည်” ခေါင်းစဉ်ဖြင့် စတင်ဆွေးနွေးရာတွင် အရေးကြီးတာနဲ့အရေးမကြီးတာတွေကို ဘဝမှာခွဲခြားသိနိုင်ဖို့လိုအပ်ကြောင်း၊ အထူးသဖြင့် နေ့စဉ်အရေးကြီးတဲ့အလုပ်တွေကို ဦးစားပေးလုပ်ဖို့လိုအပ်ကြောင်း၊ ဘယ်အလုပ်တွေဟာ မိမိအတွက် အရေးကြီးတယ်ဆိုတာကို ခွဲခြားသိဖို့လိုအပ်ကြောင်း၊ ထိုသို့ အရေးကြီးတဲ့အလုပ်တွေကို ပြီးစီးအောင် အရင်ဆုံးလုပ်ဖို့ လိုအပ်ကြောင်း၊ လူတော်တော်များများက နေ့စဉ်အလုပ်များနေကြကြောင်း၊ မနက်မိုးလင်းကနေ မိုးချုပ်တစ်နေကုန်သွားတာ မသိလိုက်အောင်အလုပ်များနေသူတွေ ရှိကြကြောင်း၊ အလုပ်လုပ်တယ်ဆိုတာ ကောင်းတဲ့အချက်တချက်ဖြစ်ပြီး ဒါပေမယ့် မိမိအတွက်အရေးကြီးတဲ့အလုပ်ကိုလုပ်မှသာ အောင်မြင်မှုရမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့သည်။

ထို့နောက် (Book Club) အဖွဲ့ဝင် မဝင်းဝင်းခိုင်က “ပေါင်းသင်းဆက်ဆံရေးကောင်းသူဟာ‌ အောင်မြင်သူပါ” စာအုပ်ဖြင့် ဆက်လက်ဆွေးနွေးရာတွင် ပေါင်းသင်းဆက်ဆံရေးကောင်းဖို့ဆိုတာ လူ့ဘဝအတွက်အရေးကြီးကြောင်း၊ ကျွန်မတို့လူ့သမိုင်းကိုပြန်ကြည့်ရင် ခမ်းနားကြီးကျယ်တဲ့ အောင်မြင်မှုတွေရတိုင်း တစ်ယောက်တည်း စွမ်းဆောင်ခဲ့တာမဟုတ်ကြောင်း၊ ကျွန်‌မတို့ဘဝတွေမှာ ရရှိခဲ့တဲ့အောင်မြင်မှုတွေကိုပြန်စဉ်းစားရင်လည်း တစ်နည်းနည်းနဲ့တော့ အခြားလူတစ်ယောက်ရဲ့ အကူအညီကိုယူခဲ့ရတယ်ဆိုတာကို တွေ့ရကြောင်း၊ ထိုသို့ အကူအညီပေးတဲ့သူကလည်း ကိုယ်နဲ့ပေါင်းသင်းဆက်ဆံရေး အဆင်ပြေတဲ့လူတွေဖြစ်ကြောင်း၊ ထိုသို့ ကျွန်မတို့ ပေါင်းသင်းဆက်ဆံရေး ကောင်းတဲ့အတွက်ကြောင့် ဘဝမှာတန်ဖိုးရှိတဲ့လူတွေ၊ မိမိကိုတိုးတက်မှုဖြစ်စေတဲ့လူတွေ၊ မိမိကို ပျော်ရွှင်မှုဖြစ်စေတဲ့လူတွေ၊ မိမိကိုကူညီတဲ့လူတွေနဲ့ ခင်မင်ခွင့်ရကြောင်း ဆွေးနွေပြီးနောက် တက်ရောက်လာကြသော စာပေဝါသနာရှင်များမှလည်း စာအုပ်ပါအကြောင်းအရာများဖြင့် ဖြည့်စွက် ဆွေးနွေးကာ အတွေးအမြင်ဗဟုသုတများကို ဖလှယ်ခဲ့ကြကြောင်း သိရသည်။

ခန့်စည်သူဝင်း(ပြန်/ဆက်)