တောင်ဥက္ကလာပမြို့နယ် ရပ်ကွက်စာကြည့်တိုက်များသို့ စာအုပ်၊ စာစောင်များပေးအပ်လှူဒါန်း

တောင်ဥက္ကလာပ ဖေဖေါ်ဝါရီ ၂၇

ရန်ကုန်တိုင်းဒေသကြီးစာကြည့်တိုက်များ ကြီးကြပ်ရေးကော်မတီမှ လှူဒါန်းရရှိခဲ့သော စာအုပ်စာစောင်များအား သင်္ဃန်းကျွန်းခရိုင် တောင်ဥက္ကလာပမြို့နယ်အတွင်းရှိ ရပ်ကွက်စာကြည့်တိုက်များသို့ စာအုပ်စာစောင်များ ထပ်ဆင့်လှူဒါန်းပွဲကို ယမန်နေ့နံနက် (၉) နာရီအချိန်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန တောင်ဥက္ကလာပမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ တောင်ဥက္ကလာပမြို့နယ် စာကြည့်တိုက်ကြီးကြပ်‌ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်က အဖွင့်မုဒိတာစကားပြောကြားခဲ့ပြီး မြို့နယ်စာကြည့်တိုက်ကြီးကြပ်‌ရေး ကော်မတီအတွင်းရေးမှူး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်‌ဆွေနှင်းက တိုင်းဒေသကြီးမှ လှူဒါန်းသောစာအုပ်များအား သက်ဆိုင်ရာရပ်ကွက်စာကြည့်တိုက်များတွင် စနစ်တကျ စာရင်းရေးသွင်း ဆောင်ရွက်ကြရန်လိုကြောင်း၊ ရပ်ကွက်စာကြည့်တိုက်များ ရှင်သန်အောင်မြင်ရေးအတွက် စာကြည့်တိုက်ကော်မတီများက ဝိုင်ဝန်းဆောင်ရွက်ပေးကြရန် ဆွေးနွေးမှာကြားသည်။

ထို့နောက် မြို့နယ်စာကြည့်တိုက်ကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အတွင်းရေးမှူးတို့က တောင်ဥက္ကလာပမြို့နယ်အတွင်းရှိ ရည်ညွှန်းစာကြည့်တိုက်နှင့် သုတဘဏ်စာကြည့်တိုက်တို့မှ စာကြည့်တိုက်မှူးများအား စာအုပ်စာစောင်များ ပေးအပ်လှူဒါန်းခဲ့သည်။

ယင်းနောက် မြို့နယ်စာကြည့်တိုက်ကြီးကြပ်ရေးကော်မတီဝင်များနှင့် ရပ်ကွက် စာကြည့်တိုက်များမှ စာကြည့်တိုက်မှူးများ စာအုပ်စာစောင်များလှူဒါန်းပွဲသို့ တက်ရောက်ခဲ့ကြောင်း သိရသည်။

ခင်ဆွေနှင်း(ပြန်ဆက်)