ကြည့်မြင်တိုင် ဒီဇင်ဘာ ၇
ရန်ကုန်အနောက်ပိုင်းခရိုင် ကြည့်မြင်တိုင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်နိုင်ရေးအတွက် အသိပေးနှိုးဆော်ခြင်းများ အရှိန်အဟုန်မြင့်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက ညစျေး၊စျေးကြီးလမ်း၊ ဗိုလ်သူရ လမ်းများတွင် mask တပ်ဆင်ပြီးသွားလာကြရန်၊ (COVID-19)ရောဂါကာကွယ်ရေးဆိုင်ရာ ညွှန်ကြားချက်များ လိုက်နာရန် အသိပေးခြင်းနှင့် Mask and Face Shield Campaign များ ပြုလုပ်ဆောင်ရွက်ခဲ့သည်။
အဆိုပါဆောင်ရွက်မှုတွင် မြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဝင်း၊ အမှတ်(၁)တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်နန္ဒအောင်၊ မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇာနည်ဝင်း ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးကော်မတီရုံးမှ ဝန်ထမ်းများ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဆရာမများ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့၊ ညစျေးတာဝန်ခံနှင့်ဝန်ထမ်းများ၊ ရွေတိုင်(Rescue)နှင့် မြို့နယ်ရှိပရဟိတလူမှူရေးအသင်း အဖွဲ့များမှ ပူးပေါင်း၍ ဈေးအတွင်း ရောင်းသူ ၀ယ်သူ လုပ်သားများအား mask and face shield များ၊ ပညာပေး လက်ကမ်း စာဆောင်များ ဖြန့်ဝေခြင်း၊ လိုက်နာရမည့်ရောဂါကာကွယ်ရေးဆိုင်ရာ အချက်များ နှိုးဆော်အသိပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကြည့်မြင်တိုင်မြို့နယ်အတွင်းရှိ စျေးများအားလုံးတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးဆိုင်ရာ အသိပညာပေးခြင်းများကို ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်းသိရှိရသည်။
ခိုင်ဇာလင်း (ပြန်/ဆက်)