မုံရွာ မတ် ၁
စစ်ကိုင်းတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ အစည်းအဝေး အမှတ်စဉ် (၂/၂၀၂၅) ကို ဖေဖော်ဝါရီလ ၂၈ ရက်၊ နံနက်ပိုင်းတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ရာ အစည်းအဝေးသို့ တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီအဖွဲ့ဝင်များ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်က ကော်မတီအဖွဲ့ဝင်များအနေဖြင့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွက် ရင်းနှီးမြှုပ်နှံမှုလျာထားချက် ပြည့်မီကျော်လွန်သွားပြီးဖြစ်သော်လည်း နောက်ထပ်ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းသစ်များ ထပ်မံဝင်ရောက်လာရန်နှင့် လက်ရှိလည်ပတ်ဆောင်ရွက်နေသည့် လုပ်ငန်းများမှလည်း ရင်းနှီးမြှုပ်နှံမှုများ ထပ်မံတိုးမြှင့်ထည့်ဝင်ဆောင်ရွက်နိုင်ရန် ဆက်လက်၍ ဖိတ်ခေါ်အားပေးသွားရမည်ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးအတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးစသည့် လုပ်ငန်းကဏ္ဍများမှလည်း ပြည်တွင်း၊ ပြည်ပရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ဝင်ရောက်လာစေရေးအတွက် ကော်မတီအဖွဲ့ဝင်များအားလုံးမှ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း ပြောကြားသည်။
ယင်းနောက် တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီအတွင်းရေးမှူး၊ တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်ဆင့်ဆင့်သန်းက ယခင်အစည်းအဝေးဆုံးဖြတ်ချက်များ၏ ဆောင်ရွက်ပြီးစီးမှုနှင့် ၂၀၂၅-ခုနှစ်၊ ဇန်နဝါရီလအတွင်း စိစစ်ကြပ်မတ်ခဲ့သည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအခြေအနေများနှင့် စစ်ကိုင်းမြို့တွင် CMP စနစ်ဖြင့် ဆက်သွယ်ရေးလုပ်ငန်းသုံး Signal Cable အမျိုးမျိုးထုတ်လုပ်ခြင်းဆောင်ရွက်လျက်ရှိသည့် Jinxin Technology (Sagaing) Co.,ltd မှ ကုန်ကြမ်းများ၏ Norm ယူနစ်နှင့် ကုန်ကြမ်းသုံးစွဲမှု စာရင်း ပြင်ဆင်ဆောင်ရွက်ခွင့် ပြုပါရန် တင်ပြလာခြင်းနှင့် ပတ်သက်၍ Power Point ဖြင့် ရှင်းလင်းတင်ပြသည်။
ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာကြသော တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီအဖွဲ့ဝင်များက မိမိတို့တာဝန်ယူဆောင်ရွက်နေသည့် လုပ်ငန်းများနှင့် ပတ်သက်၍ ပူးပေါင်းဆောင်ရွက်ပေးသွားမည့် အခြေအနေများအား ရှင်းလင်းပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ်က အစည်းအဝေးသို့ တက်ရောက်လာသူများ၏ အသီးသီးရှင်းလင်း ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးကာ နိဂုံးချုပ်စကား ပြောကြားခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)