ဒဂုံမြို့သစ်(အရှေ့ပိုင်း) ဒီဇင်ဘာ ၇
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရခြင်းမှ ကြိုတင်ကာကွယ်ရေးအတွက် ပြည်သူများအား ပြင်ပထွက်ခွာချိန်တိုင်းတွင် Mask တပ်ဆင်သွားလာမှု ရှိစေရေးအတွက် မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီတာဝန်ရှိသူများက Mask Campaign များကို အပတ်စဉ် ရပ်ကွက်များ၊ လမ်းများ အလိုက် ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက အမှတ် ၂ ရပ်ကွက် ညောင်ဦးဖီးလမ်းနှင့် စစ်စံထွန်းလမ်းဆုံတွင် ဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် အဆိုပါလမ်းများနှင့် စျေးအတွင်း၌ Mask တပ်ဆင်လာခြင်းမရှိသူများ၊ Mask များအား ရောဂါပိုး အဓိကကာကွယ်ရမည့်နေရာတွင် တပ်ဆင်ခြင်းမရှိပဲ မေးစေ့တွင် ချိတ်သူများအား နောင်တွင် ပြင်ပထွက်ခွာချိန်တိုင်း Mask တပ်ဆင်ရန်နှင့် ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့် အညီ Mask ကိုစနစ်တကျတပ်ဆင်ရေးအတွက် အသိပညာပေး ပြောကြားပြီး ဒဏ်ငွေ (၂၀၀) ကျပ်ကို ချလံဖြတ် ကောက်ခံပြီး Mask တစ်ခု ပြန်လည်ပေးအပ်ခြင်းများကို ဆောင်ရွက်ပေးခဲ့ကြသည်။ အဆိုပါ Mask Campaign ကို ပြည်သူများ ကိုဗစ်-၁၉ ရောဂါပိုးကူးစက်ခံရခြင်းမှ ကာကွယ်နိုင်ရေးအတွက် မြို့နယ်ကိုဗစ် -၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဝင်များနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူး များက ပူးပေါင်းကာ အပတ်စဉ် ဆောင်ရွက်သွားမှာဖြစ်ကြောင်း ကော်မတီ၏ တာဝန်ရှိသူများထံမှ သိရသည်။
လှလှထွေး (ပြန်/ဆက်)