ရန်ကုန် ဒီဇင်ဘာ ၇
ရန်ကုန်မြို့တော်၊ ဒုတိယမြို့တော်ဝန် ဦးစိုးလွင်သည် ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီ ကော်မတီဝင်(၈)၊ မြို့တော်စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူများ၊ မရမ်းကုန်းမြို့နယ် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ရန်ကင်းမြို့နယ် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဗဟန်းမြို့နယ် စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ သက်ဆိုင်ရာ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အုပ်ချုပ်ရေးမှူးများနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ရဲမှူးများနှင့် ရဲတပ်ဖွဲ့ဝင်များနှင့်အတူ လူစုလူဝေး များဖြင့် အမြဲဖြစ်လေ့ရှိသည့် အင်ယားကန်ဘောင် နေရာသို့ ယမန်နေ့ ညနေပိုင်းတွင် သွားရောက်လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ဆက်လက်၍ ဒုတိယမြို့တော်ဝန်၊ ကော်မတီ(၈)နှင့် အဖွဲ့ဝင်များသည်၊ ဗဟန်းမြို့နယ် အတွင်းရှိ ကန်တော်ကြီး ဗိုလ်ချုပ်အောင်ဆန်း ပန်ခြံရင်ပြင်ရှိရာ နေရာများသို့လည်း ဗဟန်း မြို့နယ် စည်ပင်သာယာရေးကော်မတီရုံးဥက္ကဋ္ဌ၊ မြို့နယ်ရဲတပ်ဖွဲ့မှူးတို့နှင့်အတူ လှည့်လည် ကြည့်ရှုစစ်ဆေးပြီး လာရောက် အပန်းဖြေနေသည့် လူဦးရေ အရေအတွက် လာရောက် အချိန်ဖြုန်းလေ့ရှိသူများနှင့် ထိုသို့ လာရောက်လေ့ရှိသည့် သူများအပေါ် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမဖြစ်စေရန် ထိန်းချုပ်ရန် အတွက် မည်သို့လုပ်ဆောင်ထိန်းသိမ်းသင့်သည် ဆိုသည်များကို သက်ဆိုင်သူများနှင့် ဆွေးနွေးပြီး၊ မြို့နယ်စည်ပင်သာယာရေးကော်မတီ အနေဖြင့် မြို့နယ်အတွင်း တာဝန်ရှိသည့် သက်ဆိုင်ရာဌာနများနှင့် ဆက်လက်ပူးပေါင်း လုပ်ဆောင်ရန်နှင့် မြို့တော်ကော်မတီအနေဖြင့် ဆက်လက်ပံ့ပိုးရန် လိုအပ်သည် များရှိပါ ကလည်း အချိန်နှင့်တစ်ပြေးညီ တင်ပြရယူဆောင်ရွက်ကြရန် မှာကြားခဲ့ကြောင်း သိရှိရသည်။
အောင်မြင့်(ပြန်/ဆက်)