ရန်ကုန် ဒီဇင်ဘာ ၇
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့်တိုးဂိတ်ဟောင်းတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိထားသူနှင့် ထိတွေ့ဆက်စပ်ခဲ့သော ယာဉ်နောက်လိုက်(၂)ဦးကို Quarantine ဝင်ရောက်ရန်အတွက် ယမန်နေ့ နံနက်(၁၀)နာရီအချိန်က အင်းစိန်မြို့နယ်၊ ကြက်ခြေနီ အသင်းခွဲမှ တာဝန်ရှိသူများက သွားရောက် ခေါ်ဆောင်၍ အင်းစိန်(GTI) Quarantine Center (၃)ပို့ ဆောင်ပေးခဲ့ကြောင်း သိရသည်။
အင်းစိန်မြို့နယ်၊ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက်နေသော ကြက်ခြေနီအသင်းခွဲ(အင်းစိန်)သည် ဥက္ကဋ္ဌ ဦးစည်သူဇော်၊ မြို့နယ်တပ်ဖွဲ့မှူး ဦးနီထွန်းတို့၏ လမ်းညွှန်မှုဖြင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များက ယာဉ်နောက်လိုက်(၂)ဦးကို Quarantine ဝင်ရောက်ရန် ထောက်ကြန့် တိုးဂိတ်ဟောင်းမှ သွားရောက် ခေါ်ယူ၍ အင်းစိန်(GTI) Quarantine Center (၃) သို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။
အင်းစိန်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု မရှိစေရန်နှင့် ကြိုတင်ကာကွယ်ရေး အတွက် မြို့နယ်အတွင်းတွင် ဖျားနာကုဆေးခန်း(၁)ခုနှင့် ကန့်သတ်စောင့်ကြည့်စင်တာ(၆)ခု ဖွင့်လှစ် ထားရှိပြီး မြို့နယ်ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၏ ဦးဆောင်မှုဖြင့် ပရဟိတအသင်းစုံမှ Volunteers (၇၀)ဦးနှင့် Ambulances (၁၃)စီးဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဇွဲထက်ကို(ပြန်/ဆက်)