နှစ်တစ်ရာပြည့် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေ

ကော့မှူး ဒီဇင်ဘာ ၇

၂၀၂၀ပြည့်နှစ်၊ တန်ဆောင်မုန်းလပြည့်ကျော်(၁၀)ရက်တွင် ကျရောက်မည့် နှစ်တစ်ရာပြည့် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်သတင်းစကားလက်ကမ်းစာစောင်အတွဲ (၄) အမှတ် (၇)ကို ရန်ကုန် တောင်ပိုင်းခရိုင် ကော့မှူးမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဝန်ထမ်းများက မြို့မ‌ဈေးကြီးအတွင်းရှိ ဈေးရောင်းဈေးဝယ်နေသူများ၊ ဆိုက်ကား ဂိတ်၊ ကားဂိတ်များနှင့်ရပ်ကွက် /ကျေးရွာ များအရောက် လိုက်လံဖြန့်ဝေ ပေးနေကြောင်း သိရသည်။

အဆိုပါ သတင်းစကားလက်ကမ်းစာစောင်တွင် (၉၉)နှစ်မြောက် အမျိုးသား‌ အောင်ပွဲနေ့ အထိမ်းအမှတ် အခမ်းအနားသို့ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ထံမှပေးပို့သည့်သဝဏ်လွှာမှ ကောက်နုတ်ချက်၊ (၁၆.၁၀.၂၀၁၉) ရက်နေ့တွင် တက္ကသိုလ်များဖွံ့ဖြိုးတိုးတက်မှု နှီးနှော ဖလှယ်ပွဲ၌ နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပြောကြားသည့် မိန့်ခွန်းမှ ကောက်နုတ်ချက်များ၊ ရန်ကုန်ယူနီဗာစီတီအက် ဥပ‌‌ဒေကို သပိတ်မှောက်ရန် သစ္စာဆို အဓိဋ္ဌာန် ပြုကြသော ကျောင်းသားကြီး(၁၁)ဦး၊ ဗြိတိသျှတို့ပြဋ္ဌာန်း သော ကျွန်ုပညာရေးဥပဒေ၊ အမျိုးသား အောင်ပွဲနေ့ သမိုင်းကြောင်း၊ အမျိုးသားအောင်ပွဲနေ့ သန္နိဋ္ဌာန်၊ ၂၀၂၀ပြည့်နှစ် နှစ်တစ်ရာပြည့် အမျိုးသားအောင်ပွဲနေ့ ဦးတည်ချက်များနှင့် အမျိုးသားနေ့ ကာတွန်းများ ပါရှိကြောင်းသိရသည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ၂၀၂၀ပြည့်နှစ် နှစ်တစ်ရာပြည့်အမျိုးသားနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင် (၁၀၀၀၀၀) အား တာဝန်ခံ၍အခမဲ့ ထုတ်ဝေပေးကြောင်းသိရသည်။

ကျော်သူရ (ကော့မှူး)