ကော့ကရိတ် ဒီဇင်ဘာ ၇
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် နှစ်တစ်ရာပြည့် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်း စကားလက်ကမ်းစာစောင်များကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ယနေ့ မွန်းလွဲ(၂) နာရီက လူစည်ကားရာနေရာများတွင်အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အဆိုပါ သတင်းစကား လက်ကမ်းစာစောင်တွင် ၂၀၂၀ ပြည့်နှစ် နှစ်တစ်ရာပြည့် အမျိုးသားအောင်ပွဲနေ့ ဦးတည်ချက်များ၊ (၉၉)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အခမ်းအနားသို့ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် ထံမှ ပေးပို့သည့် သဝဏ်လွှာ ကောက်နုတ်ချက်ဖြစ်သည့် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု၊ ရန်ကုန်ယူနီဗာစီတီ အက်ဥပဒေကို သပိတ်မှောက်ရန် သစ္စာဆို အဓိဌာန်ပြုကြသော ကျောင်းသားကြီး (၁၁)ဦးအမည် ဖော်ပြချက်၊ (၁၆-၁၀-၂၀၁၉) ရက်နေ့တွင် တက္ကသိုလ်များ ဖွံ့ဖြိုးတိုးတက်မှု နှီးနှောဖလှယ်ပွဲ၌ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ပြောကြားသည့် မိန့်ခွန်းမှ ကောက်နုတ်ချက်ဖြစ်သည့် ပညာရေးမြှင့်တင်မှု၊ ဗြိတိသျှတို့ပြဌာန်းသော ကျွန်ပညာရေးဥပဒေ၊ အမျိုးသားအောင်ပွဲနေ့ သမိုင်းကြောင်း၊ မြင်းမူမောင်နိုင်မိုး ရေးစပ်သီကုံးသည့် အမျိုးသားအောင်ပွဲနေ့သန္နိဌာန် ကဗျာဖော်ပြချက်များ၊ အထိမ်းအမှတ်ဆောင်ပုဒ်များပါဝင်သည့် လက်ကမ်း စာစောင်(၂၅၀)စောင်ကို ဌာနဆိုင်ရာများ၊ စည်ပင်သာယာမြို့မဈေးနှင့် လူစည်ကားရာ နေရာများတွင်အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်
ခင်မျိုးဝင်း(ခရိုင်ပြန်ဆက်)