​​​​​​​ရွှေတောင်မြို့နယ်တွင် A အဆင့်သတ်မှတ်ထားသော စားသောက်ဆိုင်များ ဆိုင်ထိုင်စနစ်ဖြင့် ပြန်လည်ရောင်းချ ခွင့်ပြု

ရွှေတောင်     ဒီဇင်ဘာ       ၇

ပဲခူးတိုင်းဒေသကြီး၊ ရွှေတောင်မြို့နယ် စည်ပင်သာယာရေးနယ်နိမိတ်အတွင်း ရောင်းချနေသော စားသောက် ဆိုင်များထဲမှ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ စည်းကမ်း သတ်မှတ်ချက်များနှင့်အညီ လိုက်နာဆောင်ရွက်ပြင် ဆင်ထားရှိပြီး A အဆင့် သတ်မှတ်ထားသော စားသောက်ဆိုင်များကို ယမန်နေ့က ပြန်လည်ရောင်းချခွင့်ပြုခဲ့ပြီး ယနေ့နံနက်ပိုင်းက အဆိုပါဆိုင်များကို သက်ဆိုင်ရာတာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့စစ်ဆေးရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် တာဝန်ရှိသူများက စားသောက်ဆိုင်များနှင့် လက်ဖက်ရည် ဆိုင်များအတွင်း အပူချိန်တိုင်း ကိရိယာထားရှိမှု၊ လက်ဆေးဘေစင်ထားရှိမှု၊ လေဝင်လေထွက် ကောင်းမွန်မှု၊ Social Distancing နှင့်အညီ ပြင်ဆင်ဆောင်ရွက်ထားရှိမှု၊ အကန့် ကန့်ထားရှိမှု၊ တစ်ခါသုံးပစ္စည်းများ ပိုးသတ်ထားရှိမှု၊ အသိပညာ ပေးဗီနိုင်းပိုစတာများ ကပ်ထားမှု၊ ကောင်တာရှေ့ မှန်ကာထားရှိမှု၊ စားပွဲပေါ်တွင် Handgel ထားရှိမှု၊ Menu ထားရှိမှု၊ နှာခေါင်းစည်းနှင့် Face Shield တပ်ဆင်ရောင်းချမှု၊ သန့်စင်ခန်းအတွင်း ရေနှင့်လက်ဆေးဆပ်ပြာ ထားရှိမှု စသည့်အချက်များကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ရွှေတောင်မြို့နယ် စည်ပင်သာယာရေးနယ်နိမိတ်အတွင်းရှိ စားသောက်ဆိုင် A အဆင့် သတ်မှတ်ထားသော စားသောက်ဆိုင်ဖွင့်လှစ်ရောင်းချလျက်ရှိကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့ထံမှ သိရသည်။

ကိုကိုမင်း(ပြန်/ဆက်)