ရွှေပြည်သာ ဒီဇင်ဘာ ၇
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ ရွှေပြည်သာမြို့နယ် စာရေးဆရာအသင်းက ကြီးမှူး ၍ စာပေဆုရ စာရေးဆရာ/ဆရာမများကို ဂုဏ်ပြုသည့် အခမ်းအနားကို ယနေ့ နံနက် (၁၀) နာရီအချိန် တွင် မြို့နယ်စာရေးဆရာအသင်းရုံး၌ ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မြန်မာနိုင်ငံစာရေးဆရာအသင်း(ဗဟို) သက်ကြီးကန်တော့ခံနှင့် ရွှေပြည်သာ မြို့နယ် စာရေးဆရာအသင်း နာယကဆရာကြီး နိုင်ဘောဂလှဝင်းက အဖွင့်မုဒိတာစကား ပြောကြားပြီးစာရေးဆရာ အသင်းဉက္ကဋ္ဌ မောင်မောင်အုန်း(လယ်ဝေး)နှင့် ညီမေတ္တာ(အမရပူရ) တို့က ဝမ်းမြောက်ဂုဏ်ပြုစကား ပြောကြားခဲ့သည်။
ထို့နောက် ရွှေပြည်သာမြို့နယ်မှ စာပေဆုရ စာရေးဆရာ/ဆရာမများဖြစ်သော ၂၀၁၉ ခုနှစ် စာပေဗိမာန် ဝတ္တုရှည် တတိယဆုရ သဉ္ဇာလှိုင်(လားရှိုး)၊ စာပေဗိမာန်လူငယ်စာပေ တတိယဆုရ ကိုရွှေရင်အေး၊ ၂၀၁၉ ခုနှစ် ကျိုက္ကလော့မေတ္တာဒီပါ အမေ့မေတ္တာ ကဗျာရှည် ပထမဆုနှင့် ၂၀၂၀ ပြည့်နှစ် ငွေတာရီ မဂ္ဂဇင်း နှစ်ပတ်လည်ဆောင်းပါး အကောင်းဆုံးဆုရ ပြင်စည်အောင်(ခရာတော)တို့အား တာဝန်ရှိသူများက ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခဲ့ပြီး ဆုရ စာရေးဆရာ/ဆရာမများက ကျေးဇူးတင်ဝမ်းမြောက်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။
နေမျိုးထွန်း(ရွှေပြည်သာ)