မုံရွာ ဒီဇင်ဘာ ၇
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း စားဖိုဆောင်သီးနှံအဖြစ်၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ဆောင်းသီးနှံ စိုက်ပျိုးချိန်တွင် ကြက်သွန်နီနှင့်ကြက်သွန်ဖြူ (၂၅၀၉၈) ဧကအား စိုက်ပျိုးပြီး စီးခဲ့ပြီ ဖြစ်ကြောင်း စစ်ကိုင်းတိုင်း ဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
“ကြက်သွန်နီဈေးနှုန်းက မငြိမ်ပေမဲ့ နိုင်ငံခြား ဈေးကွက်ကိုမျှော်ပြီး စိုက်ကြတာများတယ်၊ အခုနှစ်မှာလည်း အထွက်နှုန်းကောင်းဖို့၊ ဓာတုဆေးတွေသုံးစွဲမှု လျော့ချစိုက်ပျိုးဖို့ ပိုးမွှား ရောဂါ ကျရောက်မှုမရှိစေဖို့ စိုက်ပျိုးရေးဝန်ထမ်းတွေက တောင်သူတွေရဲ့ စိုက်ခင်းတွေ အရောက် ကွင်းဆင်းပြီး အသိပညာပေးတာတွေ ပိုးမွှားကင်း ထောက်လုပ်ငန်းတွေကို လုပ်ဆောင်ပေးနေ ပါတယ် ” ဟု စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး ညွှန်ကြားရေးမှူး ဦးဝင်းလှိုင်ဦးက ပြောသည်။
စိုက်ပျိုးပြီးစီးမှုအနေဖြင့် စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင်အတွင်းရှိ မြို့နယ်(၄)ခုတွင် ကြက်သွန်နီ (၁၇၇၉)ဧကနှင့် ကြက်သွန်ဖြူ (၁၂၉)ဧကအားလည်းကောင်း၊ စစ်ကိုင်းခရိုင် အတွင်းရှိ မြို့နယ်(၃)ခုတွင် ကြက်သွန်နီ(၃၉၂၆)ဧကနှင့်ကြက်သွန်ဖြူ (၁၅၁)ဧကအား လည်းကောင်း၊ ရွှေဘိုခရိုင်အတွင်းရှိမြို့နယ် (၆)ခုနှင့် မြို့နယ်ခွဲ(၁) ခုတို့တွင် ကြက်သွန်နီ (၈၂၂၂) ဧကနှင့်ကြက်သွန်ဖြူ(၄၆၃၄)ဧကအားလည်းကောင်း၊ ယင်းမာပင် ခရိုင်အတွင်းရှိ မြို့နယ်(၄)ခုတွင် ကြက်သွန်နီ(၁၈၃၃)ဧကနှင့်ကြက်သွန်ဖြူ (၅၇၄)ဧကအားလည်းကောင်း၊ ကန့်ဘလူခရိုင် အတွင်းရှိမြို့နယ်(၂)ခုတွင် ကြက်သွန်နီ(၁၆၅)ဧကအားလည်းကောင်း၊ ကသာခရိုင်အတွင်းရှိ မြို့နယ်(၇)ခုတွင် ကြက်သွန်နီ (၁၀၂၄) ဧကနှင့် ကြက်သွန်ဖြူ (၂၁၁) ဧကအားလည်းကောင်း စိုက်ပျိုးပြီးဖြစ်သည်။
ထို့အပြင် ကလေးခရိုင် အတွင်းရှိမြို့နယ် (၃)ခုတွင် ကြက်သွန်နီ(၄၉၃) ဧကနှင့် ကြက်သွန်ဖြူ (၃၀၉) ဧက အား လည်းကောင်း၊ တမူးခရိုင် အတွင်းရှိ မြို့နယ်(၁) ခုနှင့်မြို့နယ် ခွဲ(၂)ခုတွင် ကြက်သွန်နီ (၁၃၁) ဧကနှင့် ကြက်သွန်ဖြူ(၂၃)ဧကအား လည်းကောင်း၊ မော်လိုက်ခရိုင် အတွင်းရှိ မြို့နယ်(၂)ခုတွင်ကြက်သွန်နီ(၅၅၉)ဧက နှင့် ကြက်သွန်ဖြူ (၄၂၇)ဧက အားလည်းကောင်း၊ ခန္တီးခရိုင်အတွင်းရှိမြို့နယ်(၂)ခုတွင် ကြက်သွန်နီ(၁၈၅) ဧကနှင့်ကြက်သွန်ဖြူ (၇၀) ဧကအား လည်းကောင်း၊ နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အတွင်းရှိ မြို့နယ်(၃)ခုနှင့် မြို့နယ်ခွဲ(၄)ခုတို့တွင် ကြက်သွန်နီ(၁၂၉)ဧကနှင့် ကြက်သွန်ဖြူ(၁၂၄)ဧကတို့အားလည်းကောင်း စိုက်ပျိုးပြီးစီး ခဲ့ပြီဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန၏ မှတ်တမ်းများအရ သိရသည်။
ဝင်းဦး(ဇေယျာတိုင်း)