ကော့မှူး မတ် ၇
နွေရာသီကျောင်းပိတ်ရက်များအတွင်း ကျောင်းသား၊ ကျောင်းသူများ စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရန်၊ ဗလငါးတန်နှင့်ပြည်စုံစေရန်ရည်ရွယ်၍ စာပေချစ်မြတ်နိုးသူများ၊ စာပေဝါသနာရှင်များ၊ Book Club အဖွဲ့ဝင်များနှင့်စာဖတ်ဝိုင်းကို ယနေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင် ကော့မှူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမ၌ လူငယ်နှင့်အောင်မြင်မှုပန်းတိုင်စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဇာခြည်စိမ့်က ကျောင်းသား/ကျောင်းသူလူငယ်များအနေဖြင့် စာဖတ်ခြင်းကို အလေ့အကျင့်ကောင်းတစ်ခုအနေဖြင့် ပြုလုပ်သင့်ကြောင်း၊ စာအုပ်စာပေများ ဖတ်ရှုခြင်းကြောင့် အမှားအမှန်အား ဝေဖန်ပိုင်းခြားနိုင်မည်ဖြစ်ကြောင်းနှင့် စာဖတ်ဝိုင်းကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ Book Club အသင်းမှ အဖွဲ့ဝင် ဦးစည်သူကျော်က လူငယ်နှင့်အောင်မြင်မှုပန်းတိုင်ဆီသို့ စာအုပ်ထဲမှ “အောင်မြင်သောလူငယ်ခေါင်း စဉ်ဖြင့်လည်းကောင်း" မရတနာကျော်က “ကြယ်ဖမ်းသမား” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မောင်ကျော်နိုင်က “စာအုပ်ထဲကသင်ခန်းစာ" ခေါင်းစဉ်များဖြင့် အသီးသီးဆွေးနွေးခဲ့ကြောင်း သိရသည်။
ထို့နောက် Book Club အသင်းမှအဖွဲ့ဝင် ဦးစည်သူကျော်ကဆွေးနွေးရာတွင် ဘဝဆိုတာအသက်ရှင်နေသမျှကြိုးစားခွင့်ရှိပါကြောင်း၊ ကြိုးစားလိုတဲ့ လုံ့လ၊ ဝီရိယ စိုက်ထုတ်ဖို့ပဲ လိုနေတာဖြစ်ကြောင်း၊ ပုံမှန်အလုပ်တွေ လည်ပတ်လို့မရဘဲ ရပ်တန့်နေမယ်ဆိုရင်အခြေအနေ အချိန်ကာလနဲ့ကိုက်ညီမယ့် အလုပ်တစ်ခုကို ချက်ချင်းလုပ်လိုက်ဖို့ဝန်မလေးသင့်ကြောင်း၊ သိထားရမှာကလူဆိုတာဘယ်အရာကမှ ယှဉ်ပြိုင်လို့မရတဲ့စွမ်းအားရှင်ဖြစ်ကြောင်း၊ ဆင်ခြေတွေ၊ အကြောင်းပြချက်တွေ၊ ပျင်းရိလေးပင်မှုတွေကိုဖျောက်ပြီး ဇွဲ၊ လုံလ၊ ဝီရိယနဲ့ နေ့နေ့ညည၊ စေ့စေ့ငှငှ၊ စီမံခန့်ခွဲပြီး ကြိုးစားကြမယ်ဆိုရင် ထိုင်ငတ်နေရမယ့်ဘဝမှာ ရှိမနေဘူးဆိုတာ အသေအချာဖြစ်ကြောင်း၊ လူငယ်များအနေဖြင့် အသက်ရှင်ရုံမနေပါနဲ့ တန်အောင်နေပါ၊ ထိရုံကလေးမထိပါနဲ့ ခံစားပါ၊ ကြည့်ရုံလေးမကြည့်ပါနဲ့ လေ့လာစစ်ဆေးပါ၊ ဖတ်ယုံလေးမဖတ်ပါနဲ့မှတ်ပါ၊ ကြားရုံလေးမကြားပါနဲ့ နားထောင်ပါ၊ နားထောင်ရုံလေး မပြီးပါနဲ့ နားလည်ပါစေ စသည့်စာအုပ်ပါအကြောင်းအရာများကို အပြန်အလှန်ဆွေးနွေးခဲ့ကြောင်း သိရသည်။
ကျော်သူရ (ကော့မှူး)