ခင်ဦးမြို့၌ နေအိမ်ပြင်ပသွားလာရာတွင် ပါးစပ်၊ နှာခေါင်းစည်း(Mask) တပ်ဆင်ခြင်းမရှိသူ (၅၃) ဦးအား ငွေဒဏ်များချမှတ်

ခင်ဦး ဒီဇင်ဘာ ၇

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့၌ နေအိမ်ပြင်ပသွားလာရာတွင် ပါးစပ်၊ နှာခေါင်းစည်း(Mask) တပ်ဆင်ခြင်း မရှိသူများအား လမ်းဆုံနေရာတွင် ယနေ့ နံနက် ၉ နာရီက ရှောင်တခင်စစ်ဆေးခဲ့သည်။

စစ်ဆေးရာတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ အများပြည်သူများ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အတွက် အပြင်ထွက်လျှင် ပါးစပ်၊ နှာခေါင်းစည်း(Mask) တပ်ဆင်ရန် ညွှန်ကြားချက်အား လိုက်နာခြင်းရှိ၊ မရှိကို မြို့နယ်စီမံ ခန့်ခွဲမှုကော်မတီဥက္ကဌ ဦးချိုလင်းအောင်၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးမှူး ဒေါက်တာစန်းယုကို၊ ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာရေးအဖွဲ့၊ မြို့မိ၊ မြို့ဖများ၊ လူမှုရေးအသင်း တို့ ပါဝင်သော စုပေါင်းအဖွဲ့က ရှောင်တခင်စစ်ဆေးခဲ့သည်။

ထိုသို့စစ်ဆေးရာတွင် နေအိမ်ပြင်ပသွားလာရာတွင် ပါးစပ်၊ နှာခေါင်းစည်း(Mask) တပ်ဆင်ခြင်း မရှိသူ ကျား (၄၀) ဦး၊ မ (၁၃) ဦး စုစုပေါင်း (၅၃) ဦး တို့ကို ပါးစပ်၊ နှာခေါင်းစည်း(Mask) တစ်ခါတည်း တပ်ဆင်စေပြီး ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီက တစ်ဦးလျှင် ဒဏ်ငွေကျပ် (၁၀၀၀) စီ ချမှတ်ခဲ့ကြောင်း သိရသည်။

စိုးဝေအောင်(ခင်ဦး)