အာရှဖွံ့ဖြိုးရေးဘဏ် (ADB) ၏ အထောက်အပံ့ဖြင့် စိုက်ဧက (၃၅၀) ကျော် အကျိုးပြုမည့် ကုန်ထုတ်လမ်း‌ မိုးစပါးရိတ်သိမ်း ချိန်အမီ ရာနှုန်းပြည့်ပြီးစီး

ရွှေဘို ဒီဇင်ဘာ ၇

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်၊ ယင်းမာကျေးရွာတွင် အာရှဖွံ့ဖြိုးရေးဘဏ်(ADB) ၏ အထောက်အပံ့ဖြင့် စိုက်ဧက (၃၅၀) ကျော်အကျိုးပြုမည့် ကုန်ထုတ်လမ်း‌မိုးစပါးရိတ်သိမ်းချိန်အမီရာနှုန်းပြည့်ပြီးစီးနေမှုကို ယနေ့ နံနက် ၁၀နာရီက ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း ရွှေဘိုမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာမှ သိရသည်။

ရာသီဥနှင့်လိုက်လျောညီထွေဖြစ်စေမည့် စိုက်ပျိုးထုတ်လုပ်မှုစီးပွားရေး ကွင်းဆက်ဆိုင်ရာစီမံကိန်းမှ ယင်းမာ ကျေးရွာ ကုန်ထုတ်လမ်းကို အာရှဖွံ့ဖြိုးရေးဘဏ်(ADB)၏ အထောက်အပံ့ ကျပ်သိန်း(၃၀၄)သိန်းကျော်ဖြင့် တင်ဒါအောင်မြင်သော ရဲမာန်ကုမ္ပဏီမှ ကုန်ထုတ်လမ်း (အရှည် ၄၆၀၀ ပေ၊ အကျယ် ၁၅ ပေ) ကျောက်ရောမြေ တင်ခြင်းနှင့်၎င်းအပေါ် အရှည်(၄၆၀၀)ပေ၊ အကျယ် (၁၂)ပေ၊ ထု (၉)လက်မ ဂျင်းလမ်းခင်းခြင်းတို့ကို ဩဂုတ်လမှ စတင်ဆောင်ရွက်ခဲ့ပြီး ယခုအချိန်တွင် ရာနှုန်းပြည့် ပြီးစီးပြီ ဖြစ်သည်။ ထိုကုန်ထုတ်လမ်း ပြီးစီးမှုကို ရွှေဘိုခရိုင်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးမြင့်နှင့် တာဝန်ရှိသူများက လမ်းအရည်အသွေးပြည့်မီခြင်း ရှိ/မရှိ ကွင်းဆင်းစစ် ဆေးခဲ့ပြီး ၎င်းကျေးရွာရှိ လမ်းကော်မတီများနှင့်တွေ့ဆုံ၍ မိမိတို့ကျေးရွာဖွံ့ဖြိုးရေးကို ‌အထောက်အကူဖြစ်စေမည့် ကုန်ထုတ် လမ်းအား ရေရှည်အသုံးပြုနိုင်ရန် ဝိုင်းဝန်းထိန်း သိမ်း ဆောင်ရွက်ကြရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။

အဆိုပါ ကုန်ထုတ်လမ်းသည်  အရင်က မြေစီးမြေသားလမ်းဖြစ်ပြီး မိုးရာသီ၌ နွားလှည်းများပင် သွားလာဖို့ အလွန်ခက်ခဲ ကြောင်းနှင့် ယခုအခါ မိုးစပါးရိတ်သိမ်းချိန်အမီ ကုန်ထုတ်လမ်းပြီးစီးပြီဖြစ်သောကြောင့် စိုက်ဧက (၃၅၀) ကျော်အတွက် အချိန်မရွေး လယ်ယာသုံးစက်ကြီးများ ဝင်ထွက်နိုင်ပြီး ထုတ်ကုန်များလည်း အချိန်မီ ပို့ဆောင်နိုင်တော့မည် ဖြစ်ကြောင်း ရွှေဘိုမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခမ်းအိအိဖြူ ထံမှသိရသည်။

ထွန်းမြင့်အောင်(ရွှေဘို)