ဂန့်ဂေါမြို့၊ အမှတ်(၄)ရပ်ကွက် မြို့ပတ်လမ်းတံတား(၁)မှ စိတ္တသုခလမ်းတံတားအထိ အုတ်စီရေမြောင်း ပြုလုပ်

ဂန့်ဂေါ ဒီဇင်ဘာ ၇

“အသစ်တည်ဆောက်၊ အဟောင်းပြုပြင်၊ မြို့နယ်စည်ပင်” ဆောင်ပုဒ်နှင့်အညီ ဂန့်ဂေါမြို့နယ် စည်ပင်သာယာရေးအဖွဲ့သည် ရေမြောင်းများပြုပြင်ခြင်း၊ ကွန်ကရစ်လမ်းများအသစ်ပြုလုပ်ခြင်းနှင့် အဟောင်းပြုပြင်ခြင်း၊ လမ်းကူးတံတားများတည်ဆောက်ခြင်း၊ လမ်းပိုင်းအလိုက် ကတ္တရာခင်းခြင်း၊ လမ်းဟောင်းများ ကတ္တရာဖာထေးခြင်းစသည့်လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ကျောတိုက် ရပ်ကွက် မြို့ပတ်လမ်းတံတား(၁)မှ စိတ္တသုခလမ်းတံတားအထိ အုတ်စီရေမြောင်းပြုလုပ်လျက်ရှိသည်။

ထိုသို့ဆောင်ရွက်ရာတွင် ဂန့်ဂေါမြို့နယ် စည်ပင်သာယာရေးအဖွဲ့က ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် အဖွဲ့ရန်ပုံငွေ (၉.၇၁) သန်းဖြင့် အုတ်စီရေမြောင်းအရှည် ၁၇၄ ပေ၊ အကျယ် ၃ ပေ၊ အမြင့် ၅ ပေရှိ အုတ်စီရေမြောင်းကို နိုဝင်ဘာလလယ်မှစတင်ဆောက်လုပ်နေခြင်းဖြစ်ပြီး တာဝန်ခံအင်ဂျင်နီယာ ဦးကျော်ကျော်အောင်(အငယ်တန်းအင်/ယာ-၂၊ မြို့ပြ)က တာဝန်ယူဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါလမ်းဟာ ပုလဲ-ဂန့်ဂေါလမ်းမှ ဂန့်ဂေါမြို့အဝင်လမ်းအဖြစ်အသုံးပြုခဲ့သည့် လမ်းဟောင်း ဖြစ်ကာ အနမ့်ပိုင်းရပ်ကွက်အတွင်းရှိလမ်းပိုင်းဖြစ်သည့်အတွက် မိုးရာသီ၌ ရေစီးရေလာများခြင်း၊ အမှိုက်များ ပိတ်ဆို့ခြင်း များဖြစ်လေ့ရှိပြီး အုတ်စီရေမြောင်းပြီးစီးပါက ဆက်သွယ်သွားလာမှု လွယ်ကူချောမွေ့ သွားမည်ဖြစ်ကြောင်း သိရှိရသည်။

ထင်အောင်နိုင်(ဂန့်ဂေါ)