ဗန်းမောက်မြို့နယ်တွင် မိုးမြေပဲများ စတင်နုတ်သိမ်းပြီး ဆောင်းသီးနှံစိုက်ပျိုးနိုင်ရန် စတင်ပြင်ဆင်

ဗန်းမောက် ဒီဇင်ဘာ ၇

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ဗန်းမောက်မြို့နယ်တွင် မိုးမြေပဲများ စတင်နုတ်သိမ်း နေပြီဖြစ်ရာ မိုးမြေပဲများက ဆောင်းမြေပဲများလောက် အထွက်နှုန်းမကောင်းခြင်းကြောင့် ယခုနှစ် မိုးမြေပဲစိုက် တောင် သူများ အရှုံးနှင့်ရင်ဆိုင်နေရကြောင်း ကိုင်းကြီးကျေးရွာအုပ်စု၊ ကိုင်းကြီးကျေးရွာ မိုးမြေပဲစိုက်တောင်သူ ဦးခိုင်ဇော်ဝင်းထံက သိရသည်။

မိုးမြေပဲစိုက်ပျိုးခြင်းအား နယုန်လနှင့်ဝါဆိုလဆန်းပိုင်းတို့တွင် စိုက်ပျိုးကြကြောင်း၊ စိုက်ပျိုးချိန်တွင် မျိုးမြေပဲဆန်တစ်တင်း ငါးသောင်းကျပ်ဖြင့် ဝယ်ယူစိုက်ပျိုးခြင်း၊ မြေပဲစိုက်ပျိုးချိန်တွင် မြေပဲဆန် တန်းကြောင်းချခ လုပ်သားတစ်ဦးလျင် ၆၀၀၀ ကျပ်၊ ထွန်စက်ဖြင့် ထွန်ယက်ခ တစ်နာရီ ၃၀၀၀၀ ကျပ်ပေးပြီး ထွန်ယက်ရကြောင်း၊ မြေပဲဖော်ချိန်တွင်လည်း တစ်ရက်လျင် လုပ်သားတစ်ဦးငှားရမ်းခ ၆၀၀၀ ကျပ်ပေးပြီး လုပ်ကိုင်ရကြောင်း မြေပဲစိုက် တောင်သူက ရှင်းပြခဲ့သည်။

ယခုနှစ် ဆောင်းမြေပဲစိုက်ပျိုးနိုင်ရန်အတွက် လယ်ထွန်စက်ကြီးများဖြင့် စတင်ထွန်ယက် နေကြပြီ ဖြစ်ကြောင်း၊ ဒေသခံတောင်သူများအနေဖြင့် တွက်ခြေကိုက်နိုင်ရန်အတွက် မြို့နယ် စိုက်ပျိုးရေး ဦးစီးဌာန၏ အကူအညီဖြင့် မျိုးမြေပဲကို (မကွေး-၁၁) မြေပဲမျိုးများ မှာယူပြီးစမ်းသပ် စိုက်ပျိုးသွား မည်ဖြစ်ကြောင်း၊ ယခင်နှစ်က မြေပဲအတောင့် တစ်တင်း ၁၃၀၀၀ ကျပ်၊ မြေပဲဆန် တစ်တင်း ၄၆၀၀၀ ကျပ် ရောင်းချခဲ့ရကြောင်းနှင့် ယခုနှစ်တွင်လည်း စျေးကောင်းရရှိနိုင်ရန် မျှော်လင့်နေရ ကြောင်း ဗန်းမောက်မြို့နယ် ကိုင်းကြီးကျေးရွာ မြေပဲစိုက်တောင်သူ ဦးခိုင်ဇော်ဝင်က ပြောသည်။

ကျော်စွာ(ဗန်းမောက်)