ကျောက်တန်း ဒီဇင်ဘာ ၈
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ကျောက်တန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနက ကျေးလက်နေပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းများရရှိပြီး မိသားစုစားဝတ်နေရေးတွင် တဖက် တစ်လမ်းမှ အထောက်အကူဖြစ်စေရန် ရည်ရွယ်၍ ကန်ပြောင်ကျေးရွာ ဖွင့်လှစ်သော အသက်မွေးဝမ်းကျောင်း အထောက်အကူပြု ပဲဆေးဖျန်းစက်ပြင်သင်တန်း ဆင်းပွဲအခမ်းအနားကို ယမန်နေ့ ညနေ ၃ နာရီက ကန်ပြောင်ကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ကျင်းပခဲ့ကြောင်း သိရ သည်။
အခမ်းအနားတွင် ကျောက်တန်းမြို့နယ် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းဌေးက သင်တန်းဆင်း အမှာစကား ပြောကြားရာ၌ ယခုသင်တန်းသည် ကျေးရွာအတွက် များစွာအသုံးဝင်ပါကြောင်း၊ မည်သည့် သီးနှံစိုက်ခင်းမဆို ဆေးဖျန်းခြင်းများ ဆောင်ရွက်ရပါကြောင်း၊ စက်ပြင်ဆိုင်ဖွင့်ရန်အထိ မရည်ရွယ်တောင် မိမိတို့အိမ်မှာ အသုံးပြုတဲ့ ဆေးဖျန်းစက်များ စက်ချွတ်ယွင်းပါက မိမိတို့ကိုယ်တိုင် ပြင်ဆင်နိုင်ပါကြောင်း၊ အချိန်ကုန်၊ ငွေကုန် သက်သာမည် ဖြစ်ပါကြောင်းနှင့် ကန်ပြောင်ကျေးရွာအတွက် ဝမ်းမြောက်ဂုဏ်ယူပါ ကြောင်း စသဖြင့် ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ကျောက်တန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးထွန်းဝင်းလတ်က သင်တန်းကို ပို့ချပေးပါသော နည်းပြဆရာနှင့် သင်တန်းပြီးမြောက်အောင် တက်ရောက်ပြီး ကျန်းမာရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ ကြိုးစားသင်ယူပေးပါသော သင်တန်းသားများကိုလည်း အထူးကျေးဇူးတင်ရှိပါကြောင်း၊ တတ်ထားသည့်ပညာကို ဆက်လက် အသုံးပြုကြရန်နှင့် လိုအပ်ပါက သင်တန်း ဆရာနှင့် ချိတ်ဆက်ပြီး သိရှိလိုသည်များကို မေးမြန်းသင်ကြား နိုင်ပါကြောင်း ဆွေးနွေးပြောကြားခဲ့သည်။
ထို့နောက် သင်တန်းတွင် ထူးချွန်သည့် သင်တန်းသားများကို ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ပြီး သင်တန်းတက်ရောက်သော သင်တန်းသားများကို တာဝန်ရှိသူများက သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့ကြောင်း သိရ သည်။
ခင်ဆွေဝင်း (ကျောက်တန်း)