သင်္ဃန်းကျွန်းမြို့နယ်အတွင်းရှိ ရပ်ကွက်စာကြည့်တိုက်များသို့ စာအုပ်၊ စာစောင်များ ထပ်ဆင့်လှူဒါန်း

သင်္ဃန်းကျွန်း မတ် ၁၀

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ်၌ တိုင်းဒေသကြီးအစိုးရအဖွဲ့မှ လှူဒါန်းရရှိသည့် သုတ/ရသ စာအုပ်စာစောင်များအား မြို့နယ်အတွင်းရှိ ရပ်ကွက်စာကြည့်တိုက်များသို့ စာအုပ်စာစောင်များ ထပ်ဆင့်လှူဒါန်းပွဲကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်လှလှနွယ်က လှူဒါန်းရရှိသည့် သုတ၊ ရသစာအုပ်များကို မိမိတို့ရပ်ကွက်စာကြည့်တိုက်များ‌ရှိ မှတ်ပုံတင်စာအုပ်တွင် စနစ်တကျရေးသွင်းဆောင်ရွက်ကြရန်လိုကြောင်း၊ ရပ်ကွက်ကျေးရွာ စာကြည့်တိုက်များ ရှင်သန်အောင်မြင်ရေးအတွက် စာကြည့်တိုက်ကော်မတီများ၊ စာကြည့်တိုက်မှူးများက ဝိုင်းဝန်းဆောင်ရွက်ပေးကြရန်လိုကြောင်း စသည့်တို့ကို‌ ပြောကြားခဲ့သည်။ ထိုနောက် ရန်ကုန်တိုင်း‌ဒေသကြီးစာကြည့်တိုက်များ ကြီးကြပ်‌ရေးကော်မတီ ရုံးအ‌ဖွဲ့မှူး ဦး၀င်းသိန်းက ရပ်ကွက်၊ ကျေးရွာစာကြည့်တိုက်များ‌ တိုင်းဒေသကြီးအစိုးရအဖွဲ့မှ လှူဒါန်းရရှိခဲ့သော စာအုပ်စာစောင်များအား မြို့နယ်အတွင်းရှိ ရပ်ကွက်စာကြည့်တိုက်မှူးများက စနစ်တကျစာရင်းရေးသွင်းရန်နှင့် စာဖတ်သူတိုးပွားရေးကို ပြည်သူများအား စည်းရုံးဆောင်ရွက်ပေးကြရန် ပြောကြားခဲ့ပြီး တက်ရောက်လာသည့် စာကြည့်တိုက်ကော်မတီဝင်က ပါဝင်ဆွေးနွေးခဲ့သည်။

ဆက်လက်၍ တာဝန်ရှိသူများက ရပ်ကွက်စာကြည့်တိုက်များအား ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ လှူဒါန်းသောစာအုပ်များကို သက်ဆိုင်ရာရပ်ကွက် စာကြည့်တိုက်မှူးများထံသို့ တာဝန်ရှိသူများက ထပ်ဆင့်ပေးအပ်လှူဒါန်းခဲ့သည်။ အဆိုပါအခမ်းအနားသို့ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြား‌ရေးမှူးနှင့် ၀န်ထမ်းများ၊ မြို့နယ်စာကြည့်တိုက်များ ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ရပ်ကွက်စာကြည့်တိုက်မှ စာကြည့်တိုက်မှူးများ တက်ရောက်ခဲ့ကြောင်း သိရသည်။

သိန်းအောင်(ပြန်/ဆက်)