လှိုင်သာယာ (အနောက်ပိုင်း) မတ် ၁၀
လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ်စာရေးဆရာများအသင်း နာယကရွေးချယ်ပွဲနှင့် လစဥ်ပုံမှန်ဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲ (၁) နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမ၌ ပြုလုပ်ခဲ့သည်။
အခမ်းအနားသို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးမြင့်ဇော်၊ လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ်စာရေးဆရာများအသင်းဥက္ကဋ္ဌ စာရေးဆရာ ဌေးအောင်ဇော်၊ Book Club အသင်းဥက္ကဋ္ဌ ကဗျာဆရာ ဦးစိုးမိုးသိန်းနှင့် အသင်းဝင်စာရေးဆရာများ တက်ရောက်ခဲ့ကြသည်။
ဦးစွာ (Book Club) အသင်းဥက္ကဋ္ဌမှ အဖွင့်အမှာစကားပြောကြားခြင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဦးမြင့်ဇော်က ကျေးဇူးတင်စကားပြောကြားခြင်း၊ စာရေးဆရာ ဦးကျော်ဇင်ဝင်းက မုဒိတာစကားပြောကြာခြင်း တက်ရောက်လာကြသည့် စာရေးဆရာ၊ ဆရာမများက လိုအပ်သည်များကို အသီးသီးဆွေးနွေးခဲ့ကြသည်။
ထို့နောက် တက်ရောက်လာကြသည့် စာရေးဆရာ/ဆရာမများ သဘောတူညီချက်အရ နာယက (၃) ဦးကို ရွေးချယ်တင်မြှောက်ကြရာ စာရေးဆရာကြီး ဦးကျော်ဇင်ဝင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးမြင့်ဇော်၊ စာရေးဆရာ ဦးဌေးအောင်ဇော်တို့ကို ရွေးချယ်တင်မြောက်ခဲ့ကြသည်။
ယင်းနောက် (Book Club) အသင်းဥက္ကဋ္ဌ ဦးစိုးမိုးသိန်းမှ အသင်း၏တိုးတက်ရာတိုးတက်ကြောင်းနှင့် အသင်းရေရှည်တည်တံ့နိုင်ရန် ရှေ့လုပ်ငန်းများကို ဝိုင်းဝန်းလုပ်ဆောင်သွားကြမည်ဖြစ်ကြောင်း ပြောကြားသည်။
ဆွေးနွေးပွဲအပြီးတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးမှပြသထားသည့် စာအုပ်/စာစောင်များနှင့် နံရံကပ်စာစောင်၊ ဓါတ်ပုံများ ပြသထားသည်များကို ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ကျော်သန်း (ပြန်/ဆက်)