ပွင့်ဖြူမြို့နယ်၌ ဧရာဝတီမြစ်ကမ်းပါးပြိုကျမှုကြောင့် ဘေးလွတ်ရာသို့ပြောင်းရွှေ့ခဲ့ရသည့် လူနေအိမ်များအတွက် ထောက်ပံ့ငွေပေးအပ်

ပွင့်ဖြူ ဇန်နဝါရီ ၁၀

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ဧရာဝတီမြစ်ကမ်းပါးပြိုကျမှုကြောင့် ဘေးလွတ်ရာသို့ ပြောင်းရွှေ့ခဲ့ရသည့် လူနေအိမ်များအတွက် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့ငွေ ပေးအပ် ခြင်း အခမ်းအနားကို ယနေ့ နံနက် (၁၁) နာရီက ပွင့်ဖြူမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး ဗိုလ်ဥတ္တမခန်းမ၌ ကျင်းပခဲ့သည်။

ထောက်ပံ့ငွေများ ပေးအပ်ရာတွင် ပွင့်ဖြူမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်း က  မြို့နယ်အတွင်း ဧရာဝတီမြစ်ကမ်းဘေးကျေးရွာများမှ ဒေသခံပြည်သူများအနေဖြင့် ကမ်းပါး ပြိုကျမှု အန္တရာယ် ကင်းဝေးစေရန် ကြိုတင်ကာကွယ်ရေးလုပ်ငန်း ဆောင်ရွက်သွားကြစေလိုကြောင်း၊ သဘာဝဘေးအန္တရာယ်များနှင့် ပတ်သက်ပြီး ကြုံတွေ့ ရသည့်အခြေအနေအား သက်ဆိုင်ရာတာဝန်ရှိသူများထံ အချိန်နှင့် တစ်ပြေးညီ သတင်းပေးပို့ကြစေလိုကြောင်းနှင့် ထောက်ပံ့ငွေများကိုလည်း အကျိုးရှိရှိ စနစ်တကျ သုံးစွဲသွားကြစေလိုကြောင်း ဆွေးနွေး ပြောကြားသည်။

ဆက်လက်၍ မင်းဘူးခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ဦးစီးအရာရှိ ဒေါ်တင်တင်ထွေးက ထောက်ပံ့ငွေပေးအပ်ရခြင်းနှင့် သဘာဝဘေးအန္တရာယ်နှင့်စပ်လျဉ်းပြီး ပြည်သူများ အန္တရာယ် ကင်းဝေးစေရန် ကြိုတင်ကာကွယ်ရမည့် နည်းလမ်းများကို ဆွေးနွေးပြောကြားသည်။        

ယင်းနောက် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်း၊ မင်းဘူးခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ဦးစီးအရာရှိ ဒေါ်တင်တင်ထွေးနှင့် တာဝန်ရှိသူများက ဧရာဝတီမြစ် ကမ်းပါးပြိုကျမှု ကြောင့် ဘေးလွတ်ရာသို့ ပြောင်းရွှေ့ခဲ့ရသည့် ပွင့်ဖြူမြို့နယ် အရှေ့လေးအိမ် ကျေးရွာအုပ်စု၊ မြင်းခြံစုကျေးရွာရှိ လူနေအိမ် ၁၂ လုံး နှင့် နန်းတော်ကျွန်းကျေးရွာအုပ်စု ၊ ထူးကျေးရွာရှိ လူနေအိမ် ၈ လုံး အတွက် လူနေအိမ် တစ်လုံးလျှင် ထောက်ပံ့ငွေကျပ် တစ်သိန်းနှုန်းဖြင့် ဘေးသင့်အိမ်ထောင်စုဝင် ၈၉ ဦးအတွက်  စားနပ်ရိက္ခာဆန်ဖိုးငွေကျပ် ၁၈၆၉၀၀ ၊ စုစုပေါင်း ထောက်ပံ့ငွေကျပ် ၂၁၈၆၉၀၀ အား ကမ်းပါးပြို ဘေးသင့်သည့် အိမ်ထောင်စုဝင်များထံ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။ 

ရဲဝင်းနိုင် (ညောင်ဦး)