လမ်းမတော်မြို့နယ်တွင် နှစ်တစ်ရာပြည့် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်ဖြန့်ဝေ

လမ်းမတော် ဒီဇင်ဘာ ၈

ရန်ကုန်အနောက်ပိုင်းခရိုင်၊​ လမ်းမတော်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် နှစ်တစ်ရာပြည့် အမျိုးသားအောင်ပွဲ နေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဝန်ထမ်းများက ယနေ့ နံနက်ပိုင်းက လူစည်ကားရာနေရာများတွင် အခမဲ့ ဖြန့်ဝေပေးခဲ့ ကြောင်း သိရသည်။

အဆိုပါ သတင်းစကားလက်ကမ်းစာစောင်တွင် ၂၀၂၀ ပြည့်နှစ် နှစ်တစ်ရာပြည့် အမျိုးသားအောင်ပွဲနေ့ ဦးတည်ချက်များ၊ (၉၉)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အခမ်းအနားသို့ နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်ထံမှ ပေးပို့သည့် သဝဏ်လွှာ ကောက်နုတ်ချက်ဖြစ်သည့် ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စု၊ ရန်ကုန်ယူနီဗာစီတီအက်ဥပဒေကို သပိတ်မှောက်ရန် သစ္စာဆိုအဓိဌာန်ပြုကြသော ကျောင်းသားကြီး(၁၁)ဦးအမည် ဖော်ပြချက်၊ ၂၀၁၉ ခုနှစ် အောက်တိုဘာလ ၁၆ ရက်နေ့တွင် တက္ကသိုလ် များ ဖွံ့ဖြိုးတိုးတက်မှု နှီးနှောဖလှယ်ပွဲ၌ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပြောကြားသည့် မိန့်ခွန်းမှ ကောက်နုတ်ချက်ဖြစ်သည့် ပညာရေးမြှင့်တင်မှု၊ ဗြိတိသျှတို့ ပြဌာန်းသော ကျွန်ပညာရေးဥပဒေ၊ အမျိုးသားအောင်ပွဲနေ့ သမိုင်းကြောင်း၊ မြင်းမူမောင်နိုင်မိုး ရေးစပ်သီကုံးသည့် အမျိုးသားအောင်ပွဲနေ့သန္နိဌာန် ကဗျာဖော်ပြချက်များ၊ အထိမ်းအမှတ် ဆောင်ပုဒ်များ ပါဝင်သည့် လက်ကမ်းစာစောင်များကို ဌာနဆိုင်ရာများ၊ စျေး၊ ကားဂိတ်၊ လမ်းသွား လမ်းလာ ပြည်သူများအား အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ခြင်းသည် မြန်မာတစ်မျိုးသားလုံး၏ အမျိုးသားရေး စိတ်ဓာတ်များ နိုးကြား ထက်သန် စေရန်၊ အမျိုးသားအောင်ပွဲနေ့ သမိုင်းကြောင်းကို သိရှိစေရန်နှင့် ရန်ကုန်တက္ကသိုလ်ကြီး ပေါ်ပေါက်လာ ပုံနှင့် အမျိုးသားပညာရေးအတွက် ကြိုးပမ်းခဲ့ပုံများကို သိရှိစေရန်အတွက် ထုတ်​​ဝေခဲ့ကြောင်း သိရ သည်။

အေးမဉ္ဇူ(ပြန်/ဆက်)