ကိုရိုနာဗိုင်းရပ်စ်(COVID-19)ရောဂါ ကြိုတင်ကာကွယ်မှုအနေဖြင့် ဆောမြို့၌ အသားဖြန့်ဖြူးရောင်းချသူများအား အသိပညာပေးဟောပြော

ဆော မတ် ၂၀

ဂန့်ဂေါခရိုင်၊ ဆောမြို့နယ် စည်ပင်သာရေးအဖွဲ့က တိရစ္ဆာန်မှ တစ်ဆင့် ကူးစက်တတ်သောရောဂါများ ဖြစ်ပွားမှုမရှိစေရေးအတွက် အသားဖြန့်ဖြူးရောင်းချသူများအား ယမန်နေ့ မွန်းလွဲပိုင်းက ကိုရိုနာဗိုင်းရပ်စ်(COVID-19)ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကို မြို့နယ် စည်ပင်သာယာရေးအဖွဲ့ရုံး၌ ပြုလုပ်သည်။

အသိပညာပေးဟောပြောပွဲရာတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးမြင့်နိုင်က COVID-19 ရောဂါနှင့် ပတ်သက်၍ ရောဂါကူးစက်နိုင်ခြေရှိသည့် နည်းလမ်းများနှင့် ကြိုတင်ကာကွယ်မှု အဖြစ် တိရစ္ဆာန်အသားစိမ်းရောင်းချသူ လုပ်ကိုင်သူများအနေဖြင့် တိရစ္ဆာန်သွေးနှင့် တိရစ္ဆာန်မှထွက်သည့် အရည်များ ခန္ဓာကိုယ်သို့ တိုက်ရိုက်မထိတွေ့စေရေးအတွက် ပါးစပ်နှင့် နှာခေါင်းစည်း၊ ရှေ့ဖုံးအကာအင်္ကျီ၊ လက်အိတ်၊ လက်ရှည်ဖိနပ်များ ဝတ်ဆင်အသုံးပြုရန်နှင့် လုပ်ငန်းပြီးဆုံးချိန်တွင် လက်ကိုဆပ်ပြာဖြင့် သေချာစွာ ဆေးကြောရန် အစရှိသည့် ကာကွယ်နိုင်မည့် နည်းလမ်းများအားလည်းကောင်း၊ မြို့နယ် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးစံရင်က မြို့မစျေးအတွင်း အသားဖြန့်ဖြူးရောင်းချသူများ သတ်မှတ်နေရာများတွင်သာ ရောင်းချရန်၊ အသားငါးများမှ ထွက်ရှိသော အညစ်အကြေး၊ စွန့်ပစ်ပစ္စည်းများကို စနစ်တကျစွန့်ပစ်ရန်၊ စျေးရောင်းချပြီးလျှင် သေချာစွာဆေးကြောရန်နှင့် နေ့စဉ်သန့်ရှင်းရေးကို စနစ်တကျ ဆောင်ရွက်ရန်တို့အားလည်းကောင်း ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

ဇော်မျိုးသန့်(ဆော)