တစ်လမုံ့ညင်းသည် ယခင်နှစ်ထက် စျေးကောင်းသဖြင့် စိုက်ပျိုးတောင်သူများ အဆင်ပြေ

ကောလင်း ဒီဇင်ဘာ ၈

စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ကောလင်းမြို့နယ်နှင့် ဝန်းသိုမြို့နယ်အတွင်းရှိ ကျေးရွာ များမှ တောင်သူအချို့သည် ဒေါင်းမြူး ချောင်းကို အခြေခံ၍ တစ်လမုံ့ညင်းကို စိုက်ပျိုးလျက်ရှိရာ ယခင်နှစ်ထက် စျေးကောင်းသဖြင့် စိုက်ပျိုးတောင်သူများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။

"တစ်လမုံ့ညင်းကို နှစ်တိုင်း ၀.၂၀ ဧကခန့်စိုက်ပျိူးပါတယ်။ ကုန်ကျစရိတ်က ၀.၂၀ဧကကို မျိုးဖိုး၊မြေသြဇာ၊ ပိုးသတ်ဆေးဖိုး ရောင်းရသည် အထိစုစုပေါင်း ကုန်ကျစရိတ် ၂သောင်းခွဲခန့် တာကုန်ကျပါတယ်။ယခင်နှစ်က ၁၀စည်းထုပ်တစ်စည်းကို ၅၀၀ခန့်သာ စျေးရရှိပါတယ်။ ဒီနှစ်ကြတော့ တန်ဆောင်မုန်းလအထိ မိုးအဆက်မ ပြတ်ရွာသွန်းသဖြင့် စိုက်ခင်းထဲသို့ ပြောင်းရွှေ့မစိုက်မီ ပျိုးပင်များ ပျိုးဘောင်တွင် အသက်ကြီးသွား၍ စိုက်တဲ့သူနည်းသဖြင့် ၁၀ စည်း ထုပ်တစ်စည်းကို ၈၀၀ ကျပ်ရောင်းရ​ပြီး၊ တစ်ရက်ခြားပုံမှန်အစည်း ၃၀၀မှ ၄၀၀ အထိ ရရှိသည့်အတွက် တစ်ရက်ခြားပုံမှန် နေ့စဥ်ဝင်ငွေ ၁၅၀၀၀ကျပ် အထိရရှိနေပြီး  ၀.၂၀ ဧကစိုက်ကို ၄သိန်းခန့်ရရှိမယ်လို့ ခန့်မှန်းထားကြောင်း၊ ဒီနှစ်က တစ်လမုံ့ညင်းစိုက်ပျိုးသူများမှာ ကုန်ကျစရိတ် အနည်းငယ်ဖြင့် အမြတ်များများရရှိသည့်အတွက် အဆင်ပြေ ပါတယ်"ဟု တစ်လမုံ့ညင်းစိုက်ပျိုးသူ အုပ်ဖိုကျေးရွာမှ ဒေါ်အမာက ပြောပြသည်။

"ကျွန်မကတော့ သီးနှံမျိုးစုံကို တစ်ဆင့်ပြန်ဝယ်၍ရောင်းတာပါ။ တစ်လမုံ့ညင်းကို အောက်ပိုင်းဆို မန္တလေး၊ ရွှေဘို၊ ကန့်ဘလူ၊ ချပ်သင်းစသည့် မြို့များနှင့် အထက်ပိုင်း မိုးညင်း၊ မိုးကောင်း၊ ဟိုပင်၊ အင်းတော စသည့်မြို့များသို့ မီးရထား၊ ကားများဖြင့် လူမလိုက်ဘဲ တင်ပို့ပေးရပါတယ်"ဟု တဆင့် ပြန်လည်ရောင်းချသူ မကြိုင်က ပြောပြသည်။

အဆိုပါကျေးရွာများတွင် တစ်လမုံ့ညင်းကို တောင်သူအများစုက စိုက်ပျိုးကြသော်လည်း တစ်ဦဂလျှင် အများဆုံးအဖြစ် ဧကဝက်ခန့်ထိသာ စိုက်ပျိုးကြပြီး၊တစ်မျိုးတည်း စိုက်ပျိုးခြင်းထက် သီးနှံမျိုးစုံကို မျှတစွာစိုက်ပျိုးခြင်းက ပိုမိုများကြောင်း၊သီးနှံတစ်မျိုး စျေးမကောင်းပါက အခြားစျေး ကွက်ကောင်းသော သီးနှံဖြင့် အကျိုးအမြတ်ပြန်ရရှိရန် ရည်ရွယ်စိုက်ပျိုးကြခြင်းဖြစ်ကြောင်း၊ တစ်လမုံ့ညင်းသည် အရင်းအနှီး အနည်ငယ်၊ မြေအကျယ်အဝန်း အနည်းငယ်၊အချိန်အနည်းဖြင့် စိုက်ပျိုးနိုင်သော သီးနှံတစ်မျိုးဖြစ်ကြောင်းသိရသည်။

 မြင့်ထွန်းမင်း (ကောလင်း)