မိသားစုတစ်ပိုင်တစ်နိုင် မြက်တံစည်း ပြုလုပ်ရောင်းချခြင်းဖြင့် အဆင်ပြေ

မင်းဘူး  ဒီဇင်ဘာ  ၈

မကွေးတိုင်းဒေသကြီး မင်းဘူး(စကု)မြို့နယ် အမှတ် (၄) ချမ်းသာကြီးရပ်ကွက်တွင်  မိသားစု တစ်ပိုင်တစ်နိုင်မြက် တံမြက်စည်း ပြုလုပ်ရောင်းချခြင်းဖြင့် မိသားစု စားဝတ်နေရေး အဆင်ပြေလျက်ရှိကြောင်း တံမြက်စည်း ပြုလုပ်ရောင်ချသည့် မိသားစုများထံမှ သိရသည်။

တံမြက်စည်းပြုလုပ်ရာတွင် ကုန်ကြမ်းအဖြစ် မြက်ထုံး၊ ဝါး၊ လျှော်ကြိုး၊ သံ၊ ကြေးနန်းခွေ၊ တို့ဖြင့် ပြုလုပ်ကြပြီး မြက်ထုံးများ၊ ဝါးများကို ဂုတ်ကြီး၊ အမ်းမြို့များမှဝယ်ယူကာ မြက်တစ်ထုံးလျှင် ကျပ် ၈၀၀၀၊ ဝါး ၁၀၀ စည်းတစ်စည်လျှင် ကျပ် ၁၂၀၀၀ ပေရကာ ကြေးနန်းကြိုးခွေ၊ ပလပ်စတစ်ကြိုး၊ သံနှင့် ကော်စွပ်များကို မင်းဘူးဈေးမှ ဝယ်ယူ၍ ကော်စွပ်တစ်ခု ၂၀ ကျပ်၊  ပလပ်စတစ်လျှော်ကြိုးတစ်ခင် ၅၀၀ကျပ်၊ ကြေးနန်းကြိုးတစ်ခွေ ၁၀၀၀ ကျပ်၊ သံတစ်ဆယ်သား ၄၀၀ ကျပ်ဖြင့် ဝယ်ယူ၍ ယောကျ်ားလေး ၅ ယောက်၊ မိန်းကလေး ၅ ယောက်တစ်နေကုန် ပြုလုပ်ပါက တံမြက်စည်းအချောင်းရေ ၁၀၀၀ ကျော်အထိပြီးသည်။

တံမြက်စည်း ရောင်းဈေးများမှာ သုံးမျိုးရှိပြီး ဝါးရိုးတံမြက်စည်း အတိုတစ်ချောင်းလျှင် ၁၀၀၀ ကျပ်၊ အရှည်တစ်ချောင်းလျှင် ၂၅၀၀ ကျပ်၊ မြက်ပင်များကိုစုစည်းပြီး ပြုလုပ်ထား သော စုတ်ပွ တံမြက်စည်း တစ်ချောင်းလျှင် ၈၀၀ ကျပ်ဖြင့် ရောင်းချရသည်။ လုပ်အားခများ အနေဖြင့် တံမြက်စည်း တစ်ချောင်းပြီးလျှင် ၅၀ ကျပ် ပေးထားကာ တံမြက်စည်း ပြုလုပ်၍ပြီးသည့် အရေအတွက်အပေါ် မူတည်ကာ လုပ်အားခ ရှင်းပေရသည်။ ယောကျ်ားလေး၊ မိန်ကလေးတစ်နေ့ ၆၀၀၀ ကျပ်ရရှိ၍ အိမ်မှာနေရင်း အဆင်ပြေနေသည့် မိသားစု တစ်ပိုင်တစ်နိုင် လုပ်ငန်းလေး တစ်ခုဖြစ်ကြောင်း တံမြက်စည်း လုပ်ကိုင်ရောင်းချသူ ဦးမင်းဇော်ထံမှ သိရသည်။

ဇေယျာထက် (မင်းဘူး)